ရခိုင်စစ်ဘေးရှောင်များအရေးသည် အသစ်ဖွဲ့စည်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ဦးစားပေးလုပ်ငန်းတွင်ပါဝင်ကြောင်း ယင်းပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
“အစိုးရအနေနဲ့ ဒီကိစ္စက ဦးစားပေးအစီစဉ်ထဲမှာပါတယ်။ အစိုးရက စစ်ဘေးရှောင်တွေအပေါ်မှာ လိုအပ်တဲ့ ထောက်ပံ့တဲ့ပစ္စည်းတွေကို အတတ်နိုင်ဆုံး ထောက်ပံ့တယ်။ ဒီလိုပဲ နိုင်ငံတကာကလည်း ပံ့ပိုးပေးနေတာတွေ ရှိတယ်” ဟု ၎င်းကပြောသည်။
စစ်ဘေးရှောင်များမှာ မိမိနေရပ်ပြန်နိုင်ရန် မျှော်လင့်နေကြလျက်ရှိရာ ထိုစစ်ဘေးရှောင်ကိစ္စနှင့်ပတ်သက်၍ NLD အစိုးရ၏ သဘောထားကို မေးမြန်းစဉ် အက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ ပထမဆုံး အပစ်ရပ်စဲရေးကို အရင်ဆုံးလုပ်ဆောင်ရန်လိုကြောင်း ၎င်းက ထောက်ပြခဲ့သည်။
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရမယ်။ နိုင်ငံရေးအရ မဖြေရှင်းနိုင်လို့ကတော့ စစ်ပွဲဟာ ကာလရှည်နေဦးမှာပဲ။ အစိုးရတစ်ဖက်တည်းနဲ့လည်းမရဘူး။ တပ်မတော်တစ်ဖက်တည်းနဲ့လည်း မရဘူး။ ထို့အတူပဲ တစ်ဖက်က လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေတဲ့ တိုင်းရင်းသားတစ်ဖက်တည်းနဲ့လည်းမရဘူး။ အားလုံးပူးပေါင်းဆောင်ရွက်မှရမယ်။ ညှိနှိုင်းပြီးလုပ်မှ ရမယ်။ အပစ်ခတ်ရပ်စဲရေးကို အရင်ဆုံးလုပ်၊ နောက်ပြီးတော့မှ အပစ်ခတ်ရပ်စဲရေးမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးပေါ့နော်။ အဲလို အဆင့်ဆင့်သွားပြီး လုပ်ကြရင်တော့ အောင်မြင်မယ်ထင်တယ်” ဟု မုံရွာဦးအောင်ရှင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း AA နှင့် တပ်မတော်တို့ နှစ်ဖက်တိုက်ပွဲများသည် နှစ်နှစ် ခန့်ကြာမြင့်နေပြီဖြစ်ပြီး ယင်းတိုက်ပွဲများ ရပ်စဲကာ ငြိမ်းချမ်းရေးရှိမှသာ လက်ရှိ အစိုးရသစ်လက်ထက်၌ စစ်ဘေးရှောင်များ နေရပ်သို့ မြန်ဆန်စွာပြန်နိုင်ရေးလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ခံပြောကြားသည်။
“တိုက်ပွဲတွေရှိနေတော့ စစ်ဘေးရှောင်တွေ ဘယ်အိမ်ပြန်လို့ရမလဲ။ တိုက်ပွဲတွေ ငြိမ်းချမ်းဖို့လိုတယ်။ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာက ကိုယ့်ဒေသမှာ AAနဲ့ တပ်မတော်ကြားမှာ ငြိမ်းချမ်းရေးသဘော တူညီချက်ရရင်တော့ အခုရရင် အခုပြီးတာပဲလေ တိုက်ပွဲတွေက။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် ဟိုဘက်၊ ဒီဘက်ကို တိုက်တွန်းလိုပါတယ်။ ငြိမ်းချမ်းရေးရရင်တော့ မြန်မြန်ဆန်ဆန် အိမ်ပြန်နိုင်တာပေါ့။ ငြိမ်းချမ်းရေး မရဘဲ စစ်ပွဲတွေ ပိုပြင်းထန်လာမယ် ဆိုရင်တော့ စစ်ဘေးဒုက္ခသည်တွေကလည်း ဆက်ပြီးတော့ ပွားများနေဦးမှာပဲ။ အဓိကကတော့ စစ်ပွဲတွေ ရပ်စဲဖို့ပါ” ဟု ၎င်းကပြောသည်။
ရခိုင်စစ်ဘေးရှောင်များအိမ်ပြန်နိုင်ရေး AA နှင့် တပ်မတော်တို့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်မှသာ ဖြေရှင်နိုင်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
“လောလောဆယ် စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ဖို့က အပစ်ခတ်ရပ်စဲပြီး တည်ငြိမ်သွားမှ ပြန်လို့ရမှာဗျ။ ဆိုတော့ နှစ်ဖက်အပစ်ခတ်ရပ်စဲရေး အနည်းဆုံးတော့ အခု ရခိုင်စစ်ဘေးရှောင် ကိစ္စဆိုရင်လည်း အေအေနဲ့ အစိုးရတပ်မတော်ကြားမှာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်မှ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
တိုင်းရင်းသားပြည်နယ်များအကြား ပြည်တွင်းစစ်များ ဖြစ်ပေါ်နေရခြင်းမှာ တိုင်းရင်းသားများ၏ ဖက်ဒရယ်အခွင့်အရေးနှင့်ပတ်သက်သည့် ပြဿနာအား ဖြေရှင်းနိုင်ခြင်းမရှိသေး၍ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ပြဿနာအား နှစ်ဘက်အဆင်ပြေလက်ခံနိုင်စေရန် အရင်ဆုံး တိုက်ပွဲများရပ်၍ ဖြေရှင်းသွားရမည်ဖြစ်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။
ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွာမှ စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ လာရောက်ခိုလှုံနေသည့် ဒေါ်ညိုအေးက “အိမ်ပြန်ရဖို့ မျှော်လင့်ချက် အများကြီးရှိပါတယ်။ ဒါက စစ်ဘေးရှောင်တိုင်းမှာ ကိုယ့်အိမ်ကို ပြန်ချင်တဲ့ အိပ်မက်ရှိကြမှာပဲ။ ငြိမ်းချမ်းတဲ့တစ်နေ့ ကိုယ့်အိမ်ကိုပြန်ဖို့ အိပ်မက်က စစ်ဘေးရှောင်တိုင်းမှာ ရှိတယ်။ ဒီနေ့ ငြိမ်းချမ်းရင် ဒီနေ့ပြန်မှာ။ အခုတက်လာမယ့် အစိုးရကိုလည်း စစ်ဘေးရှောင်တွေကို ကိုယ့်နေရာကို ကိုယ်ပြန်ရအောင် လုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများမရှိသဖြင့့်် စစ်ဘေးရှောင်တချို့မှာ နေရပ်ပြန်နေကြပြီဖြစ်သော်လည်း အများစုမှာ ပြန်နိုင်ခြင်းမရှိသေးပေ။
ရခိုင်ပြည်နယ်တွင် စစ်ပွဲကာလ နှစ်နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဦးရေမှာ နှစ်သိန်းသုံးသောင်းကျော်အထိရှိခဲ့ကြောင်း ရခိုင်မျိုးနွယ်စုများ အစည်းအရုံး (REC) က အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။