NLD အနေဖြင့် ပင်လုံစာချုပ်အတိုင်း ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးဆောင်ရွက်ရန် KSPP တိုက်တွန်း

NLD အနေဖြင့် ပင်လုံစာချုပ်အတိုင်း ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးဆောင်ရွက်ရန် KSPP တိုက်တွန်း

ရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်သဘောတူညီချက်နှင့်အညီ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်၍ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကတိုက်တွန်းလိုက်သည်။

အဆိုပါထုတ်ပြန်ချက်ကို KSPP က နိုဝင်ဘာ ၁၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး NLD ၏ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းရန် ဆောင်ရွက်ရန် ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ KSPP က အထက်ပါအတိုင်း တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့အနဲ့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ကိုပဲ အဓိကဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွဲဆောင်ရွက်မယ် မဆောင်ရွက်ဘူးဆိုတာကိုတော့ ကျန်တဲ့ တိုင်းရင်းသားပြည်နယ်တွေက ပေါင်းစည်းရေးပါတီတွေနဲ့ ကျွန်တော်တို့ ပြန်ဆွေးနွေးရမှာဖြစ်ပါတယ်” ဟု KSPP ဥက္ကဌ ၂ ဦးကွမ်ဂရောင်အောင်ခမ်းကပြောသည်။

နိုဝင်ဘာ ၈ ရက်ကကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် NLD ကအနိုင်ရရှိခဲ့ပြီးနောက် တိုင်းရင်းသားအရေးကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့၏သဘောထားကို တိုင်းရင်းသားပါတီများအား ပေးပို့ခဲ့ခြင်းဖြစ်ပြီး NLD ၏ ပေးပို့စာထဲ၌ မည်သည့်အခြေအနေသို့ရောက်သည်ဖြစ်စေ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နောင်အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များ နှင့် တူညီသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေး ထား ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်ကဖော်ဆောင်မည့် ဒီမိုကရေစီ ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြထား သည်။

 

အဆိုပါသဘောထားပါသည့် ဖိတ်ခေါ်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် တိုင်းရင်းသားပါတီ ၄၈ ခုအား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့်ပေးပို့လာသည့် သဘောထားကြေညာချက်ပါသည့်စာအား ကချင်ပြည်နယ် ပြည်သူ့ပါတီက နိုဝင်ဘာ ၁၇ ရက်တွင် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းစာအပေါ်  KSPP က ပြန်လည်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ အနေဖြင့် ဆွမ်ပရာ ဘွမ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂၊ မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)၊ အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ တွင် တစ်ဦးစီ စုစုပေါင်းလေဦး အနိုင်ရရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...