ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) သည် ပြည်နယ်တွင် မဲဆန္ဒနယ် ၃၀နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှစ်နေရာအနိုင်ရခဲ့ကာ ဖရူဆိုမြို့နယ်တွင် လွှတ်တော် ငါးရပ်လုံးနှင့် ရှားတောမြို့နယ်တွင် သုံးနေရာအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရှေ့ဆက်လုပ်ငန်းစဉ်ဆိုလည်း ကျွန်မတို့ ဒီဒေသရဲ့ငြိမ်းချမ်းရေးရရှိရေးကိစ္စတွေ တိုင်းရင်းသားအခွင့်အရေးကိစ္စ တွေ ကျမတို့ လူငယ်အမျိုးသမီးစွမ်းဆောင်ရေမြှင့်တင်ရေးကိစ္စတွေ ကျမတို့လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိ တယ်။ ကျွန်မအနေနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း တာဝန်ကျေပွန်အောင် လုပ်ဆောင်သွားမယ်။ အဓိက ရှားတောမြို့နယ်မှာ ဘာအခက်အခဲတွေရှိနေတာလဲ၊ အဓိကလိုအပ်ဘာတွေဖြစ်နေတာလဲ၊ အဓိကအရေးကြီး ဖြေရှင်းဖို့လိုတဲ့ကိစ္စက ဘာလဲဆိုတဲ့ဟာမျိုး ကျွန်မက ဦးစားပေး တစ်၊ နှစ်၊ သုံးအနေနဲ့သွားပြီးတော့ အဲ့အဆင့်အတိုင်း ပထမဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရ ရှိခဲ့သည့် KySDP မှ မော်မိုးမြာက ပြောသည်။
ထို့ပြင် လူနည်းစုတိုင်းရင်းသားများ၏အခွင့်အရေး၊ လူငယ်နှင့်အမျိုးသမီးအခွင့်အရေး၊ ဒေသအတွင်း ရေ၊ မီး၊လမ်း ဖွံ့ဖြိုးမှုအပိုင်းများ လုပ်ဆောင်ပေးရန် ၎င်းကကတိပြုထားသည်။
မော်မိုးမြာသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှားတောမြို့နယ်သို့ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးလာရောက်စဉ် ကဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် မဲဆွယ်စည်းရုံးရေးအတွက် အနီးကပ် ကူညီပေးခဲ့ဖူးသူဖြစ်ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲ၌ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို KySDP ၏ ကိုယ်စားလှယ် လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၈ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် KySDP မှ ဦးတူရယ်ကလည်း ငြိမ်းချမ်းရေးကို အဓိကဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
“နံပါတ်တစ်ကတော့ ငြိမ်းချမ်းရေးဖြစ်မယ်။ နံပါတ်နှစ်ကတော့ ပြည်နယ်အရေးပေါ့။ ကျနော်တို့ပြည်နယ်အရေးမှာ ကျနော်တို့လူကို ရင်းနှီးမြှုပ်နှံနိုင်ခဲ့မယ်ဆိုရင် အခြားမြေယာပြဿနာတို့၊ ကျန်တဲ့လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုး ရေးကိစ္စတွေ အနောက်ကနေ လိုက်ပါလာပါလိမ့်မယ်။ ငြိမ်းချမ်းရေးက မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်တယ်။ နောက်က ပြည်နယ်အရေးတွေကတော့ ငြိမ်းချမ်းရေးနဲ့ အတူပါလာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်” ဟု ၎င်းက ပြောသည်။
ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) တွင် အနိုင်ရရှိခဲ့သည့် KySDP မှ ဒေါ်အယ်ဗလင်းကလည်း ငြိမ်းချမ်းရေးအပါအဝင် ပညာရေးမြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ အမျိုးသမီးအခန်းကဏ္ဍများကို ဖော်ဆောင်သွား မည်ဟု ဆိုသည်။
“ပြည်သူလူထုတွေ ပညာတတ်ဖို့ မြင့်တင်ရလိမ့်မယ်။ ဒါမှပဲ သူများလာဦးဆောင်တာထက် ကိုယ့်ရဲ့ ဒေသမှာ ကိုယ်ကိုယ်တိုင် ဦးဆောင်နိုင်တဲ့အရည်အချင်းတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။နှစ်အချက်ကတော့ ဖရူဆိုမြို့ နယ်ရဲ့ အခက်ခဲဆုံးအရာက ရေရရှိရေးဖြစ်တယ်။ သုံးအချက်က ဖရူဆိုမြို့နယ်မှာ အင်မတန်အရေးကြီးတာက မ တူကွဲပြားတဲ့မျိုးနွယ်စုတွေရှိတယ်။ အဖွဲ့အစည်းတွေရှိတယ်။ ဒီကြားထဲမှာ ပြန်လည်ပြီး ညီညီညွှတ်ညွှတ်နဲ့ ဒေသ ဖွံ့ဖြိုးရေးကို လုပ်နိုင်သွားဖို့အတွက် တစ်ဦးနဲ့တစ်ဦး အသိအမှတ်ပြုတဲ့လုပ်ငန်းကို အဓိက လုပ်ဆောင်သွားဖို့လို မယ်။ ဒါမှပဲ ဖွံ့ဖြိုးရေးမှာ အတူတကွ ချီတက်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် KySDPသည် ကယားပြည်နယ်တွင် မျှော်မှန်းထားသလောက် အနိုင်မရခဲ့သော်လည်း တိုင်းရင်းသားပါတီညီအစ်ကိုများနှင့်ပူးပေါင်း၍ ဖက်ဒရယ်အရေးနှင့်ပတ်သက်သည့်အရာများကို အကောင်အ ထည်ဖော်ဆောင်ရွက်သွားရန် ပါတီမှ တာဝန်ရှိသူများက မျှော်လင့်လျက်ရှိသည်။
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ မဲဆန္ဒနယ်၃၄ရှိသည့်အနက် NLD က နေရာ၂၀တွင် အနိုင်ရရှိခဲ့ပြီး USDP က ခြောက်နေရာနှင့် KySDP က နေရာ ၃၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှစ်နေရာအနိုင်ရရှိခဲ့ကာ ကယားအခြေစိုက် ပါတီတစ်ခုဖြစ်သည့် KNP က လေးနေရာယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) သည် ၂၀၁၇ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ကယန်းအမျိုးသားပါတီ (KNP) နှင့်မဟာမိတ်ဖွဲ့၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ထိပ်တိုက်မတွေ့ရေး မဲဆန္ဒနနယ်များခွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။