မွန်ပြည်နယ်လွှတ်တော်တွင် အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းလာမည်ဟု မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဆို

မွန်ပြည်နယ်လွှတ်တော်တွင် အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းလာမည်ဟု မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဆို
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ်လွှတ်တော်တွင် အပြန်အလှန်ထိန်းကျောင်းမှု ယခင်ထက် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကပြောသည်။

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီသည် ပြည်နယ်လွှတ်တော်မဲန္ဒနယ်တွင် ကိုယ်စားလှယ် ခြောက်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၁၇ ဦး အနိုင်ရရှိထားခြင်းဖြစ်သည်။

 

“၂၀၁၀ တုန်းကအစိုးရအဖွဲ့မှာ မွန်ပါတီအနေနဲ့ နှစ်ယောက်ပါတယ်။ ၂၀၁၅ ကျပြန်တော့ NLD အစိုးရကာလမှာတော့ တစ်ဦးကိုတော့ ထည့်သွင်းဆောင်ရွက်ခဲ့တယ်။ အစိုးရဖြစ်တည်လာရေးထက်ကို လွှတ်တော်ရဲ့အင်အား တောင့်တင်းခိုင်မာရေးကို ရှေးရှုတယ်။ ကျွန်တော်တို့ပါတီကဖြစ်လာတဲ့ ဘယ်အစိုးရကိုမဆို ထိန်းကျောင်းနိုင်တဲ့ လွှတ်တော်ကောင်းဖြစ်ဖို့ကို ဦးတည်တယ်” ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

 

၎င်းသည် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု၍ ချောင်းဆမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပြည်သူ့လွှတ်တော်တွင် နှစ်ဦး၊ အမျိုးသားလွှတ်တော်တွင် သုံးဦး၊ ပြည်နယ်လွှတ်တော်တွင် ခြောက်ဦးနှင့် တိုင်းရင်းသားလူမျိုးရေးရာမဲ ဆန္ဒနယ်တွင် တစ်ဦး စုစုပေါင်း ၁၂ ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။

 

မွန်ညီညွတ်ရေးပါတီကို မွန်အင်အားကြီးပါတီများဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ပါတီတို့ကို ၂၀၁၉ခုနှစ်တွင် ပေါင်းစည်းခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် ၃၅ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက် နေရာ၊ ပဲခူးတိုင်းဒေသကြီးတွင် နှစ်နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၂ နေရာနှင့် ကရင်ပြည်နယ်တွင် ၁၂ စုစုပေါင်း ၆၇ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပါတီနှစ်ခုပေါင်း လွှတ်တော်ကိုယ်စားလှယ် လေးဦးသာ အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုရွေးကောက်ပွဲတွင် ၁၂ ဦးအထိ အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ လွှတ်တော်များတွင် အပြန်အလှန် ထိန်းကျောင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း မွန်ညီညွတ်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ၁၊ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် အနိုင်ရရှိခဲ့သည့် နိုင်လယိတမကပြောသည်။

 

နိုင်လယိတမက “လာမည့်လွှတ်တော်အခင်းအကျင်းကတော့ ပြောဖို့အတွက် စောနေသေးတယ်။ အဲ့သလိုတော့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ကိုယ်စားလှယ်အရေအတွက်က ထိန်းကျောင်းမှုကတော့ အားကောင်းလာ မှာပေါ့”ဟု ပြောသည်။

 

မွန်ညီညွတ်ရေးပါတီကိုယ်စားပြု၍ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေများတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးသည် မော်လမြိုင်ခရိုင်ရှိ မြို့နယ် ခြောက်ခုတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်ကိုယ်စားလှယ်များသည် ရေးမြို့နယ်ရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ နှင့် ၂ တို့တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...