နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးသွားခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ရခြင်းသည် ငွေကြေးပိုင်းအားနည်းခြင်းကြောင့်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီအတွင်းရေးမှူး ဦးဂင်ကမ်းလျန်ကပြောသည်။
“အဓိကတော့ ကျနော်တို့က ငွေကြေးကိစ္စပါပဲ။ ကျနော်တို့ ငွေကြေးအားနည်းနေတယ်လေ။ သူတို့က (NLD ပါတီ) မဲရုံကိုယ်စားလှယ်တွေရော ကော်မရှင်ရောပြီးတော့ အမျိုးမျိုးပေါ့။ ပြီးတော့ ပါတီအရှိန်အဝါကလည်းကြီးတာကိုး။ ဒေါ်အောင်ဆန်းစုကြည်က အရှိန်အဝါကြီးတယ်လေ” ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ် မဲဆန္ဒနယ်တွင် ကိုး နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် တစ်နေရာ စုစုပေါင်း ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တွန်းဇံမြို့နယ်တွင် နှစ်နေရာသာ အနိုင်ရရှိခဲ့ကာ တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ကျိန်ငိုက်မန်နှင့် ပြည်နယ်လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးပေါင်လွန်မင်းထန်တို့ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တီးတိန်နှင့် တွန်းဇံမြို့နယ်သည် ZCD ပါတီ၏ အမာခံနယ်မြေဟုဆိုနိုင်သော်လည်း တီးတိန်မြို့နယ်၏ မဲဆန္ဒနယ်မြေအားလုံးနှင့် တွန်းဇံမြို့နယ်မှ မဲဆန္ဒနယ်မြေနှစ်နေရာတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
ဦးဂင်ကမ်းလျန်က “လွှတ်တော်အနေအထားမှာ တိုင်းရင်းသားပါတီရပ်တည်ချက်နဲ့ ပြည်မပါတီရပ်တည်ချက်က နည်းနည်းတော့ကွာတယ်။ သူတို့ (NLD) က ပါတီရဲ့ ဦးဆောင်မှုအတိုင်းသွားနေရတာကိုး တိုင်းရင်းသားကိစ္စမှာ သူတို့ပြောခွင့်သိပ်မရှိဘူးလေ။ အဲဒီအပိုင်းမှာတော့ နစ်နာမှုရှိသွားနိုင်တယ်" ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တွင် ခြောက်နေရာ အနိုင်ရရှိခဲ့ကြောင်းသိရသည်။