၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ တိုင်းရင်းသားလူမျိုးရေးရာအတွက် မဲပေးခွင့် ဆုံးရှုံးမှုများစွာရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်တွင် ဗမာ၊ ရှမ်း၊ လီဆူနှင့် ရဝမ်တိုင်းရင်းသားများသည် ၎င်းတို့၏ လူမျိုးရေးရာဝန်ကြီးကို မဲပေးရွေးချယ်ရမည်ဖြစ်သော်လည်း မဲစာရင်းတွင် အမည်မပါဝင်ခြင်းကြောင့် အခွင့်အရေးဆုံးရှုံးခဲ့ကြောင်း သိရသည်။
"တကယ်ပြောမယ်ဆိုရင် ကိုယ်ကလည်း တိုင်းရင်းသားဖြစ်တဲ့အခါကျတော့ ကိုယ့်တိုင်းရင်းသားကိုထည့်ဖို့ ရည်ရွှယ်ပါတယ်။ ဒါပေမယ့် မဲထည့်ခွှင့်မရှိတဲ့အတွက် စိတ်မချမ်သာဘူး။ စိတ်မကောင်းဘူး။ တကယ်လို့များ ထည့်လို့ရခဲ့မယ်ဆိုရင်တော့ အဲမှာ ထည့်ချင်ပါတယ်။ ရအောင်ထည့်ချင်ပါတယ်" ဟု ငွေပျော်စံပြကျေးရွာတွင်နေထိုင်သည့် လီဆူတိုင်းရင်းသူ ဒေါ်ဒူးယော်ဒွေ့ကပြောသည်။
တိုင်းရင်းသားရေးရာဝန်ကြီးအတွက် မဲပေးခွင့်ရှိသော်လည်း မဲပေးခွင့်ဆုံးရှုံးသူများ အမြောက်အများရှိကြောင်း၊ မဲပေးခွင့်ရှိသည့် စာရင်းတွင် အမည်မပါရှိသောကြောင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံမှုဖြင့် မဲပေးခွင့်ရရန် ကြိုးပမ်းသော်လည်း အဆင်မပြေခဲ့ကြောင်း ဗမာတိုင်းရင်းသူ မစန္ဒာကဆိုသည်။
"မဲစာရင်းကောက်တာတော့ မသိဘူး။ မဲစာရင်းကို ရုံးမှာသွားကြည့်တော့ နာမည်လည်းပါတယ်။ ပြီးတော့ တုံကင်နံပါတ်လေးရလို့ သုံးပုံးမှာတော့ ထည့်လို့ရခဲ့တယ်။ နောက်ဆုံးတစ်ပုံးမှာပဲ နာမည်မပါလို့ မထည့်ရတာ ထည့်ချင်တာပေါ့" ဟု ၎င်းကပြောသည်။
တိုင်းရင်းသားရေးရာဝန်ကြီးမဲပေးခွင့် ရရှိသည့် အမည်စာရင်းများကို ရွေးကောက်ပွဲမတိုင်မီ သွားရောက်ကြည့်ရှုခဲ့ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ မဲပေးခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း၊ ကြိုတင်စာရင်းတွင် အမည်ပါဝင်မှုမရှိပါက ကော်မရှင်သို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသန်းဆွေက ပြောကြားထားဖူးသည်။
သို့သော်လည်း မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့် လီဆူတိုင်းရင်းသူ ဒီယဲ့ထွေသည် တိုင်းရင်းသားရေးရာဝန်ကြီးမဲပေးခွင့် မဆုံးရှုံးစေရန် ရွေးကောက်ပွဲမတိုင်မီကတည်းက ကော်မရှင်ထံသို့ အကြိမ်ကြိမ် သွားရောက်စာရင်းပေးထားသော်လည်း အမည်စာရင်း ပါဝင်လာခြင်းမရှိဟု ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိခဲ့သော်လည်း ယခုနှစ်ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး မဲပေးခွင့်မရရှိခဲ့ခြင်းသည် တရားမျှတမှုမရှိကြောင်း၊ တိုင်းရင်းသားဖြစ်သော်လည်း အမည်စာရင်းမပါဝင်လာခြင်းသည် ရွေးကောက်ပွဲကော်မရှင်တွင် လိုအပ်ချက်များစွာရှိကြောင်း ကိုဒီယဲ့ထွေက ထောက်ပြသည်။
“သူတို့ဆီလည်း နှစ်ခေါက်သွားတယ်။ ကျွှန်တော့်အိမ်ကိုလည်း ကော်မရှင်ကလာပြီးတော့ နာမည်ကောက်သွားတာ။ ကျွှန်တော်က မှားမှာဆိုးလို့လေ။ မှတ်ပုံတင်မိတ္တူနဲ့ တစ်ခါတည်းပေးလိုက်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနေ့ကျတော့ ပါမလာဘူး။ နာမည်မပါတဲ့လူ အများကြီးပဲ။ တစ်မဲရှုံးတယ်ဆိုလည်း နစ်နာတာပဲ တစ်မဲသာရင်လည်း သာတာပဲလေ” ဟု ၎င်းကပြောသည်။
ထို့အပြင် သွေးနှော (ကပြား) တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီး မဲပေးခွင့်နှင့်ပတ်သက်ပြီး အခက်တွေ့ကြရသည်များလည်း ရှိခဲ့သည်။
သွေးနှောတိုင်းရင်းသားများအနေဖြင့် မဲစာရင်းတွင် မပါခဲ့လျှင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံသို့ မိမိပေးလိုသည့် တိုင်းရင်းသားရေးရာဝန်ကြီးကို ရွေးချယ်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်အထောက်အထားမရှိသည့် သူများအနေဖြင့် မိဘ၊ သန်းခေါင်စာရင်း၊ မိဘမှတ်ပုံတင်များဖြင့် အဆိုပြုရသည်များရှိသည်။
သို့သော် သွေးနှောတိုင်းရင်းသားမဟုတ်သည့် ဗုဒ္ဓဘာသာ၊ ဗမာတိုင်းရင်းသားစစ်စစ်ဖြစ်သော်လည်း မိသားစုအလိုက် မဲပေးခွင့်ဆုံးရှုံးမှု မဖြစ်သင့်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ပေါ့လျော့မှုများစွာရှိကြောင်း ရမ်ပူရပ်ကွက်နေ ကိုဇော်ကိုကိုအောင်ကပြောသည်။
“အဖေကော အမေကော ဗမာ၊ ဗုဒ္ဓဘာသာပဲ။ ကိုယ်ပေးချင်တဲ့ တိုင်းရင်းသားရေးရာနေရာမှာ မိသားစုလိုက်ဆို မဲခုနစ်မဲ ဆုံးရှုံးခဲ့တာပေါ့။ ကော်မရှင်က တိုင်းရင်းသားရေးရာဝန်ကြီးမှာ မဲပေးခွင့် စာရင်းပြုစုတဲ့နေရာမှာ ပေါ့လျော့တယ်လို့ထင်မိတယ်။ ဗမာ၊ ဗုဒ္ဓဘာသာဖြစ်ရက်နဲ့ မပါဘူးဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့လေ” ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ၌ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဦးဒိတ်(ခ) ခင်မောင်မြင့်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစိုင်းစိန်လင်း၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးရွှေမင်း (ခ) ဆီဖာလာလူး နှင့် ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးချန်းဆင်ဇီ (ခ) ဂျော်ရ်ရမ်တို့ အနိုင်ရရှိခဲ့သည်။