ကချင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ ရာခိုင်နှုန်းအနိုင်ရရှိ

ကချင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ ရာခိုင်နှုန်းအနိုင်ရရှိ

အထွေထွေရွေးကောက်ပွဲတွင် ကချင်တစ်ပြည်နယ်တစ်ခုလုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြည်နယ်တွင် မဲဆန္ဒနယ် ၇၀ အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၅၁ နေရာအထိ အနိုင်ရရှိထားပြီး ပြည်ခိုင်ဖြိုးပါတီ ၁၀ နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက လေးနေရာ၊ ဒီမိုကရေစီပါတီသစ် (ကချင်) က နှစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာ၊ ဒူးလေးပါတီ တစ်နေရာနှင့် တစ်သီးပုဂ္ဂလ တစ်နေရာ အနိုင်ရရှိခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်များမှ  နိုဝင်ဘာ ၁၁ ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းများအရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကချင်ပြည်နယ်၏ မြို့နယ် ၁၈ မြို့နယ်အနက် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူမြို့နယ် ခုနစ်မြို့နယ်၏ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိခဲ့ပြီး မချမ်းဘော၊ ပူတာအို၊ ဆော့လော်၊ တနိုင်း၊ မိုးမောက် မြို့နယ်များတွင် သုံးနေရာစီအနိုင်ရရှိခဲ့ကာ ခေါင်လန်ဖူး၊ နောင်မွန်း၊ မံစီ၊ ချီဖွေမြို့နယ်များတွင် မဲဆန္ဒနယ်တစ်နေရာစီ အနိုင်ရခဲ့သည်။

အင်ဂျန်းယန်နှင့် ဆွမ်ပရာဘွမ်မြိုနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်မရရှိဘဲ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် တစ်သီးပုဂ္ဂလတို့က အနိုင်ရခဲ့သည်။

တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရဝမ်တိုင်းရင်းသား ရေးရာဝန်ကြီးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပြီး လီဆူတိုင်းရင်းသားရေးရာအတွက် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက ယင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဲဆန္ဒနယ် ၇၀ အနက် ၄၇ နေရာတွင်အနိုင်ရခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲတွင် ၅၁ နေရာအထိ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ၃၉၇ နေရာအထိ အနိုင်ရရှိထားပြီးဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက် နေ့လည်ပိုင်းအထိရရှိထားသည့် ရှေ့ပြေးစာရင်းများအရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...