လက်ရှိရွေးကောက်ပွဲရလဒ်အတိုင်း ဆက်လက်အကောင်အထည်ဖော်မည်ဟု UEC ပြော

လက်ရှိရွေးကောက်ပွဲရလဒ်အတိုင်း ဆက်လက်အကောင်အထည်ဖော်မည်ဟု UEC ပြော

ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုမှုများနှင့်ပတ်သက်၍ လက်ရှိရွေးကောက်ပွဲရလဒ်အတိုင်းသာ ဆက် လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်ပြောကြားခဲ့သည်။

ဦးမြင့်နိုင်က “ရွေးကောက်ပွဲက ကျင်းပပြီးပြီ။ လွတ်လပ်မျှတတဲ့ စံငါးချက်နဲ့ညီတယ်ဆိုပြီး သုံးသပ်ပြီးပြီ။ ဒီရလဒ်ကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေနဲ့ ပါတီအချို့ကလည်း လက်ခံပြီးပြီ။ ဒီအတိုင်းပဲ ဒီရလဒ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ပါပဲ” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသည့်အတွက် ရလဒ်ကို လက်မခံကြောင်းနှင့် တပ်မတော်နှင့်ပူးပေါင်းကာ စည်းကမ်းရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရန် နိုဝင်ဘာလ ၁၁ ရက်နေ့ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုထားသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် UEC ၏ သတင်းစားရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်ပြီး USDP ပါတီအနေဖြင့် မည်သည့်အချက်ကိုအခြေခံ၍ ပြောဆိုသည်ကို တိတိကျကျမသိရသည့်အတွက် ရွေးကောက်ပွဲရလဒ်များကို ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ဘာကိုအခြေခံပြီးပြောသလဲဆိုတဲ့ဟာ မပေါ်တဲ့အတွက် ဘာမှပြောစရာမရှိဘူး။ ဒီလို ယေဘူယျကြီးစွပ်စွဲတာတော့ ဘာမှပြောစရာမရှိဘူး။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီးသုံးခုက ကြိုဆိုတယ် လက်ခံတယ် ထောက်ခံတယ်ဆိုတာ ထုတ်ပြန်ထားတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်မှာ ဒီလိုပဲရှိမှာပါ။ ပါတီကြီးသုံးခုအပြင် လက်ခံတဲ့ပါတီတွေလည်း ရှိကြပါတယ်။ အဲဒီလိုပဲ ဒါကိုမကြိုက်တဲ့ပါတီတွေလည်း ရှိမှာပေါ့။ ဥပဒေအကြောင်းအရ သွားဖို့ပဲရှိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲသည် တရားမျှတ ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲမဖြစ်ခြင်း၊ မဲရုံဝန်ထမ်းများဖြစ်သည့် ဆရာ/ဆရာမများသည် ကြားနေသူများမဟုတ်ပဲ NLD ထောက်ခံသူများဖြစ်ခြင်း၊ UEC ကအသုံးပြုသည့် မဲပုံးများသည် ခိုင်ခံ့မှုမရှိခြင်း၊ အသုံးပြုသည့် စာရွက်စာအိတ်များမှာလည်း အဆင့်အတန်းမရှိခြင်း၊ အသက် ၆၀ နှစ်အထက် ကြိုတင်မဲများကို အချိန်ဆွဲ၍ မဲပေးခိုင်းခြင်း စသည့်အချက်များကို USDP က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထို့ပြောဆိုမှုများအပေါ် UEC က USDP ပါတီဖက်က စွတ်စွဲချက်သာဖြစ်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီကြီးအချို့က ထောက်ခံသည့်အတွက် လက်ရှိရလဒ်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ပြောသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် အထွေထွေရွေးကောက်ပွဲတွင် USDP ပါတီ၏ ပြိုင်ဖက်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အစိုးရဖွဲ့နိုင်သည့်ပမဏထက်ကျော်လွန်ကာ အနိုင်ရရှိခဲ့သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူများက ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ပါတီက တစ်နိုင်ငံလုံးတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိသည့်အတွက် အစိုးရဖွဲ့နိုင်ခဲ့ပြီး ယခုနှစ်တွင် အစိုးရဖွဲ့နိုင်ပါက NLD အနေဖြင့် ဒုတိယအကြိမ် အစိုးရတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...