ဗန်းမောက်မြို့နယ်တွင် ရွေးကောက်ပွဲရက် လုံခြုံရေးတိုးမြှင့်ထား

ဗန်းမောက်မြို့နယ်တွင် ရွေးကောက်ပွဲရက် လုံခြုံရေးတိုးမြှင့်ထား

စစ်ကိုင်းတိုင်းဒသကြီး ဗန်းမောက်မြို့နယ်တွင် ရွေးကောက်ပွဲရက်၌ လုံခြုံရေးတိုးမြှင့်ထားပြီး လိုအပ်သည့်နေရာများကို တပ်နှင့်ပူးပေါင်း ဆောင်ရွက်နေကြောင်း ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

“ကျွန်တော်တို့ဆီမှာတော့ အထက်ကညွှန်ကြားပြီး မြို့နယ်အဖွဲ့တွေနဲ့ အထူးဂရုစိုက်ဖို့၊ ပြီးတော့နယ်မြေအတွင်းမှာ ထူးခြားမှုရှိရင် ချက်ခြင်းအကြောင်းကြားနိုင်ဖို့၊ ဆက်သွယ်မှုတွေကောင်းဖို့အတွက်ကို လုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ဒီမှာရှိတဲ့ လုံခြုံရေးတွေကိုလည်း ထပ်ပြီးတော့ တိုးမြှင့်ထားတာရှိပါတယ်။ လိုအပ်မယ့်နေရာတွေကိုလဲ တပ်တွေနဲ့တွဲပြီးတော့ နေရာယူထားတာမျိုးတွေကိုလဲ လုပ်ဆောင်ထားပါတယ်။ နေရာတွေကတော့ ပြောပြလို့မရပါဘူး” ဟု ၄င်းကပြောသည်။

မဲရုံများတွင် အထူးရဲအပြင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများကို ဒေသအရံမီးသတ်တပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များမှ လုံခြုံရေးထပ်မံယူထားပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် ပဲခူးတိုင်းကော်မရှင်ရုံးတွင် ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုနှင့် မသက်ဆိုင်ကြောင်းနှင့် ထိုအဖြစ်အပျက်မတိုင်ခင်ကတည်းက စီစဉ်ထားခြင်းဖြစ်ကြောင်း ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒု-ဦးစီး ဦးမျိုးမြင့်နိုင်ကပြောသည်။

“နဂိုကတည်းကကို စီစဉ်ထားတာပါ။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့်မဟုတ်ဘူး။ ကျွန်တော်တို့ ဒီမဲရုံတွေမှာ မဖြစ်ခင်ကတည်းက တာ၀န်သီးသန့် ဆက်ပြီးတော့ လုံခြုံရေးအထူးဂရုစိုက်ဖို့ ကျွန်တော်တို့မြို့နယ်က ပိုပြီတော့လုပ်ထားတာပါ” ၄င်းကပြောသည်။

ဗန်းမောက်မြို့နယ်တွင် လာမည့် နို၀င်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေး‌ကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံ ၁၁၁ ရုံရှိပြီး လုံခြုံရေးအတွက် အထူးရဲ ၁၁၁ ယောက် ခန့်အပ်ထားကြောင်းသိရသည်။

“ကျွန်မတို့ မြို့နယ်ကော်မရှင်ရုံးလုံခြုံရေးအနေနဲ့ ညနေခြောက်နာရီမှ မနက် ၆ နာရီအထိ သက်ဆိုင်ရာလုံခြုံရေးများ စောင့်ကြညပေးတယ်။ ကင်းလှည့်ပေးတာတွေရှိတယ်။ နေ့လည်ပိုင်းကတော့ ကျွန်မတို့ရှိတယ်” ဟု ဗန်းမောက်မြို့နယ် နယ်ရွေးကောက်ပွဲကော်မရှင်မှ အတွင်းရေးမှူး ဒေါ်သန်းသန်းမြတ်ကပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် နို၀င်ဘာလ ၆ ရက် မွန်းလ ၃ နာရီခန့်က မသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း တုန်ခါမှုပြင်းထန်ပြီး ပြုတင်းပေါက်မှန်များကွဲခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...