ဖျက်သိမ်းခံရသည့် ညီညွတ်သောဒီမိုကရက်တစ် (UDP) မှ ပါတီဝင်များ ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆောမြို့နယ် စည်းရုံးရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ဦးအောင်သက်ပိုင်က ပြောသည်။
“တစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာအတွက် ဆက်လုပ်ဖို့ အစီအစဉ်တွေ တော့ရှိပါတယ်” ဟု ၎င်းကပြောသည်။
ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းရပြီးနောက် ပါတီဝင်များအနေဖြင့် ၎င်းတို့ဂုဏ်သိက္ခာအတွက် ဆက်လက်ရပ်တည်နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်များရှိ ပါတီဝင်များအားလုံးစုစည်း၍ တိုင်ပင်သွားမည်ဖြစ်ကာ ထွက်ပေါ်လာဘုံသဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“မကွေးတိုင်းက မြို့နယ်တော်တော်များများတော့ ဆက်သွယ်ပြီးပြီ။ တခြားတိုင်းတွေလည်းပါမယ်။ အားလုံးတိုင်ပင်ပြီး အကာင်းဆုံး အဖြေတစ်ခုတော့ ထွက်လာတဲ့အတိုင်း ဆောင်ရွက်မယ်” ဟု ဦးအောင်သက်ပိုင်ကပြောသည်။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄)နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်ငြိစွန်းကြောင်းစိစစ်တွေ့ရှိရသည့်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ၁၂၊ ပုဒ်မခွဲ(ခ)နှင့်အညီ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ရက်နေ့စွဲဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့နောက် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် UDP ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အသီးသီး၌ ယင်းပါတီကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာ ရင်းမှပယ်ဖျက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ အကြောင်း ကြားထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်ကြောင့် UDP ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအ နေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ပါပြောင်းလဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိတော့ကြောင်း သိရသည်။
“အခု UEC က သူတို့ အရည်းချင်း ပြည့်စုံလို့ အမည်စာရင်း ကြေညာထားသူတွေ ကို သူတို့ဘဲ တသီးပုဂ္ဂလအနေနဲ့ပါ ပြိုင်လို့ မရအောင် ကြေညာထားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော်လည်း UDPကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်သည့် မဲလက်မှတ်များကို ရိုက်နှိပ်ပြီးဖြစ်ပြီး အသစ်ပြန်လည်ရိုက်နှိပ်ရန် မမီတော့သဖြင့် မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲလက် မှတ်ဖြင့် မဲပေးသည့်အခါတွင်လည်းကောင်း၊ ရွေး ကောက်ပွဲနေ့တွင် မဲရုံများ၌ဆန္ဒမဲပေးသည့်အခါတွင်လည်း ကောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်သော UDPကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုဆန္ဒပြုမည် ဆိုပါက ပယ်မဲအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ၂၀ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့သည့် UDP ကိုယ်စားလှယ်လောင်းများအနေဖြင့် ယခုအခါ UEC အား အာမခံအဖြစ်ပေးသွင်းထားသည့် ငွေကျပ် သုံးသိန်းကို ပုံစံ ၆(ခ)နှင့် ပြန်လည်ထုတ်ယူရန်လုပ်ဆောင်နေ ကြောင်း သိရသည်။
“လက်တလော အာမခံကြေးတွေ ပြန်တောင်းမယ်။ပုံစံ ၆(ခ)နဲ့ ပြန်ထုတ်ကျဖို့လုပ်နေတယ်”ဟု ၎င်းက ပြောသည်။
ယခုအခါ UDP ဥက္ကဌ ဦးကျော်မြင့်ကို ထောင်းပြေးမှုပုဒ်မဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ဆွဲ ချက်တင်ထားကြောင်းသိရသည်။
UDP အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို NLD ပြီးလျှင် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးဖြင့် ဒုတိယအများဆုံးဝင်ပြိုင်မည့် ပါတီဖြစ်ပြီး ပါတီဥက္ကဌဦးကျော်မြင့် ထောင်ပြေးမှုနှင့်အဖမ်းခံရကာ စစ်ဆေးပေါ်ပေါက်ချက်အရ UDP သည် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာဥပဒေနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဖျက်သိမ်းခံရခြင်းဖြစ်ကြောင်းနှင့် ပါတီ၏ ကိုယ်စားလှယ်လောင်းများပါ အမည်စာရင်းမှ ရုပ်သိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။