ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်အတွင်းရှိ ရွှေအောင်သာကျေးရွာ၏ မဲဆန္ဒရှင်လူဦးရေ စာရင်းအချက်အလက်များအား မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်ခရိုင် ထီးလင်းမြို့နယ်၏ အခြေခံမဲဆန္ဒရှင်စာရင်းသို့ လွှဲပြောင်းထည့်သွင်းသည့်ကိစ္စ လက်မခံနိုင်ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကပြောသည်။
ရွှေအောင်သာကျေးရွာသည် သမိုင်းအစဉ်အဆက် ချင်းပြည်နယ် နယ်နိမိတ်အစိတ်အပိုင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအထိ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ် မဲဆန္ဒနယ် လှေ့ချမ်းအုပ်စု မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းမဲပေးခဲ့ခြင်းဖြစ်ရာ NLD အစိုးရသက်တမ်းတွင် ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ချင်းလူမျိူးအတွက် ဆုံးရှုံးနစ်နာမှုကြီးဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်နှင့် အာဏာပိုင်များက မူလအတိုင်းပြန်လည်ဆောင်ရွက်ပေးရန် အောက်တိုဘာ ၁၉ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော CNLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ဒီကိစ္စကို ကျနော်တို့ကတော့ လက်မခံနိုင်ဘူး သမိုင်းအစဉ်ဆက်ကိုပြန်ကြည့်ရင် ဦးသန်းရွှေကလုပ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတောင်မှ ချင်းပြည်နယ်ပဲ၊ ဦးသိန်းစိန်လုပ်ပေးထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်းပဲ ချင်းပြည်နယ်ပဲ အခု ၂၀၂၀ ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ ဒီလိုဖြစ်သွားတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာလား၊ အဲလိုဆိုရင်တော့ ချင်းနယ်နိမိတ်အက်ကြောင်းကို သူတို့ဖန်တီးလိုက်ပြီပေါ့ဗျာ" ဟုပြောသည်။
ရွေအောင်သာကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်းခံရသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာတော့ ပြည်ထဲရေးရဲ့ အမည်ပေါက် နယ်မြေဒေသအခြေအနေပေါ် မူတည်ပြီးတော့ပဲ မဲစာရင်းကို ကောက်ယူရတာဖြစ်ပါတယ်။ အဲဒီလိုကောက်ယူတဲ့အခါမှာ ရပ်/ကျေးကော်မရှင်တွေကနေ အဲဒီဟာတွေပါလာတယ်ပေါ့။ ကိုယ့်ရဲနယ်မြေထဲမှာမရှိတဲ့အတွက် ပြန်လွှဲပေးပါဆိုပြီးတော့ ညွန်ကြားလာတဲ့အတွက် ကျနော်တို့က ပြန်လွှဲပေးရတာပေါ့။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာ ပြည်ထဲရေးရဲ့ အမည်ပေါက် နယ်မြေဒေသပိုင်းခြားမှုအတိုင်းပဲ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျနော်တို့က ပေးချင်တိုင်းပေး ယူချင်တိုင်းယူလို့မရဘူး အမည်ပေါက်အတိုင်းပဲလုပ်ရတာ" ဟုပြောသည်။
မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် နယ်နိမိတ်အရေးကို ယခင်လွှတ်တော်သက်တမ်းနှစ်ခုအတွင်းက ကိုင်တွယ်ဖြေရှင်းမှုမရှိခဲ့ကြသည့်အတွက် ယခုအနေသို့ ရောက်ရှိရခြင်းဖြစ်သည်ဟု မင်းတပ်မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Third Eye အဖွဲ့မှဦးဆောင်သူ ဆလိုင်းမာန်အွမ်ကသုံးသပ်ထားသည်။
“ကျနော်နားလည်ထားတာကတော့ ဒါက ချင်းပြည်နယ် နယ်နိမိတ်ထဲမှာပါတယ်၊ သစ်တောကြိုးဝိုင်းအရအခြေခံပြီး ယူမယ်ဆိုရင် သေချာပေါက် မကွေးတိုင်းထဲမှာကျနိုင်တယ် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကြား နယ်နိမိတ်ကိစ္စက အရင်လွှတ်တော်သက်တမ်းနှစ်ခုစလုံးက ဒါကို ကောင်းကောင်းမွန်မွန်မကိုင်တွယ်ခဲ့ကြလို့ ဒီပြသနာဟာ ဒီနေ့ဖြစ်လာရတယ်လို့ ကျနော်နားလည်ထားပါတယ်” ဟု ၎င်းက ပြောသည်။
မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် နယ်စပ်လမ်းကြောင်းတွင်တည်ရှိသည့် ရွှေအောင်သာကျေးရွာတွင် အိမ်ထောင်စု ၃၀ ကျော် လူဦးရေစုစုပေါင်း ၁၀၀ ကျော်ခန့်ရှိပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၀ ခန့်ရှိသည်ဟု သိရသည်။