ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ထုတ်ပြန်လိုက်သည်။
NLD ကိုယ်စားလှယ်လောင်းသုံးဦးအား စစ်ဆေးမေးမြန်းရန် ခေါ်ယူထားကြောင်းနှင့် အခြေအနေလိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမည်ဖြစ်သည်ဟု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ULA/AA က ထုတ်ပြန်ကြေငြာခဲ့သည်။
၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် “ရခိုင်ပြည်သူလူထုနှင့် ရခိုင်တော်လှန်ရေးအကျိုးကို ရှေးရှုလျက် တောင်ကုတ်မြို့နယ် NLD မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့အား အောက်တိုဘာလ ၁၄ ရက်နေ့တွင် မလွှဲမရှောင်သာ ခေါ်ဆောင်ခဲ့ရပြီး ၎င်းတို့အား စစ်ဆေးမေးမြန်းရန် ခေါ်ယူထာခြင်းဖြစ်ပြီး အခြေအနေလိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
AA ၏ ဖမ်းဆီးခေါ်ဆောင်ခံရသူ သုံးဦးစလုံးသည် နိုဝင်ဘာလ ၈ ရက်နေ့တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ပြီး ဦးမင်းအောင်က ပြည်နယ်လွှတ်တော်နေရာ၊ ဒေါ်နီနီမေမြင့်က ပြည်သူ့လွှတ်တော်နေရာ၊ ဒေါ်ချစ်ချစ်ချောက အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရသည်။
၎င်းတို့ သုံးဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထိုလွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးရေးနှင့်ပတ်သက်၍ AA ၏ထုတ်ပြန်ချက်တွင် “NLD အစိုးရအနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးသမားများ၊ အပြစ်မဲ့ ရခိုင်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါသုံးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးမည်” ဟု ဖော်ပြထားသည်။
လွန်ခဲ့သောကာလများတွင်လည်း ရခိုင့်တော်လှန်ရေးကို အနှောင့်အယှက်ပေးသော NLD အမတ်တစ်ချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းပြီး သင့်တော်သော အခြေအနေတစ်ခုအောက်တွင် ပြန်လည်လွှတ်ပေးခဲ့ဖူးသည့် သာဓကရှိခဲ့ပြီးဖြစ်ပါသည်ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် AA အနေဖြင့် စစ်သုံ့ပန်းများလဲလှယ်ရေးကိစ္စနှင့်ပတ်သက်၍ ယခင်ထုတ်ပြန်ချက်အတိုင်း ယနေ့အထိ ဆုပ်ကိုင်ထားပြီး NLD အစိုးရအနေဖြင့် စစ်ပွဲကြောင့် နစ်နာခဲ့ရသော ပြည်သူလူထုများ၏ ကိစ္စအ၀၀ကို ကူညီဖြေရှင်းရန်နှင့် စစ်ရေး၊ နိုင်ငံရေး ပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးရန် အရေးတကြီးလိုအပ်ကြောင်း သိစေလိုသည်ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်သည် နေပြည်တော်သို့ လွှတ်တော်အစည်းအဝေးများတက်ရောက်ရန်အတွက် ပလက်ဝမှ ကျောက်တော်သို့ ရေလမ်းခရီးဖြင့် ထွက်လာစဉ် AA ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နှစ်လကျော်အကြာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။