ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မဲပေးမည့်သူဦးရေ ၂၀၁၅ ရွေးကောက်ပွဲကထက် နှစ်ဆခန့်တိုးလာသည့်အပေါ် ကချင်အမျိုးသားကွန်ကရက်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဂျန်မာနောင်လတ်က ဝေဖန်ခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်တစ်ခုလုံးအနေဖြင့် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၈၉၄၈၈ ရှိခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိလာခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
အဆိုပါ မြို့နယ်တွင် ယခုနှစ်၌ မဲပေးခွင့်ရှိသူဦးရေ တိုးလာခြင်းနှင့်ပတ်သက်၍ ဦးဂျန်မာနောင်လတ်က “ဖားကန့်မှာ ကျနော်သိရသလောက် မဲထည့်ခွင့်ရှိတဲ့ ဌာနေလူထုက သုံးသောင်းလောက်ဘဲရှိတယ်။ ဒီရွှေ့ပြောင်းကိစ္စပေါ့ ကြံခိုင်ရေးက ၂၀၂ဝ မှာလုပ်လာတယ်။ အဲဒါကို NLD ကလည်း အလိုက်တသိနဲ့ သူတို့မဲရဖို့ ကျနော်တို့ပါတီတွေ ဒီလောက်ထိကန့်ကွက်နေတဲ့ကြားထဲကကို အတည်ပြုဖြစ်အောင်ပြုပေးတယ် ဆိုတော့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းခံနေရတယ်လေ။ တိုင်းရင်းဒေသမှာ ဒီရွှေ့ပြောင်းက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ” ဟု ဝေဖန်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနည်းဥပဒေများတွင်ပါရှိသည့် ပြင်ဆင်ချက်များအနက် နည်းဥပဒေ ၁၀ ၌ပါဝင်သော “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း” ဟူသည့် စကားရပ်ကို “အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း” ဟူ၍ အစားထိုးပြင်ဆင်ချက်အား ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မဲဆန္ဒနယ် ပြင်ပရောက်နေသူများအနေဖြင့် အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ရရှိမည်ဖြစ်သည်။
ထိုကိစ္စအား တိုင်းရင်းသားပါတီများက ကန့်ကွက်ခဲ့သော် လည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းသို့ မဲစာရင်းနှစ်ဆခန့်တိုးလာမှုသည် စာရင်းထပ်နေခြင်းများရှိနေပြီး ယခုအခါ စိစစ်ဆဲကာလဖြစ်၍ မဲစာရင်းအား အတိအကျပြောမရကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကျော်သူကပြောသည်။
“လောလောဆယ် ကျနော်တို့စာရင်းတော့မပိတ်သေးဘူး။ သို့သော်ငြားလည်း ဘယ်လိုအခြေနေရှိလဲဆိုတော့ တစ်ချို့မဲဆန္ဒရှင်တွေက မဲစာရင်းကိုသွားမကြည့်ကြဘူး။အဲလိုသွားမကြည့်ကြတော့ မဲစာရင်းမှာပါမှန်းမသိ မပါမှန်းမသိ အဲတော့ ပြန်ပြန်ပြီး လျှောက်ခဲ့တာတွေရှိတယ်။ အဲကြောင့် တစ်ချို့မဲစာရင်းတွေက ထပ်တယ်။ အဲတော့ ကျနော်တို့က မဲစာရင်းကိုပြန်စစ် မဲစာရင်းမှာမပါဘူးသေချာပြီ ရွေးကောက်ပွဲဥပဒေပြဌာန်းချက်နဲ့ ကိုက်ညီပြီဆိုမှ မဲစာရင်းထဲကိုထည့်မယ်။ အဲတော့ ခုစီစစ်ဆဲကာလဖြစ်တဲ့တွက် တိတိကျကျတော့မသိရသေးပါဘူး။ လောလောဆယ်တော့ အကြမ်းအားဖြင့်တော့ ၁ သိန်း ၈ သောင်းကျော်ရှိတယ်” လို့ ဦးအောင်ကျော်သူကပြောသည်။
အရပ်ဘက်အဖွဲ့စည်းများ၏ စစ်တမ်းအရဖားကန့်မြို့နယ်သည် မြန်မာနိုင်ငံ၏ကျောက်စိမ်းထွက်ရှိရာဒေသဖြစ် သည့်အတွက် ရေမဆေးလုပ်သားများနှင့်ရွှေ့ ပြောင်းလုပ်သားများဦးရေ လေးသိန်းခန့်ရှိပြီး မဲစာရင်းနောက်ဆုံးအကြိမ် ကြေညာပြီးချိန်တွင် ဖားကန့်မြို့နယ်တွင် ပုံစံ ၃(က) ဖြင့် လာရောက်လျှောက်ထားသူ ကိုးထောင်ကျော်ရှိကြောင်း သိရသည်။
ထို့ပြင် ဖားကန့်မြို့နယ်တွင် မဲစာရင်းတိုးလာသည့်အကြောင်းအရင်းတစ်ခုမှာလည်း မဲစာရင်းပြုစုရာ၌ အခြားမြို့နယ်များကဲ့သို့ စစ်ရှောင်၊တပ်မဲစာရင်း၊ အရပ်သားမဲစာရင်း သီးခြားပြုစုခြင်းမရှိဘဲ မဲစာရင်းများအား စုပေါင်းပြုစုထားခြင်းကြောင့်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကျော်သူက ပြောသည်။
“လွှတ်လွှတ်လပ်လပ်နဲ့ မဲပေးနိုင်ဖို့အတွက်ဘဲ အဓိကဖော်ဆောင်တာဖြစ်တဲ့တွက် စစ်သားဘယ်နှစ်ယောက်၊ စစ်ရှောင်ဘယ်နှစ်ယောက်၊အရပ်သားဘယ်နှစ်ယောက်ဆိုပြီး သီးသန့်ခွဲထားတာမရှိဘူး။ သူတို့ရဲ့သတ်မှတ်ထားတဲ့ မဲရုံမှာဘဲ ဦးဘယ်သူ၊ ဒေါ်ဘယ်သူနဲ့ဘဲ အားလုံးရောထားတာဖြစ်တဲ့တွက် သီးခြားပြုစုခဲ့တာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။
မဲထည့်ခွင့် လူဦးရေ တစ်သိန်း ရှစ်သောင်းကျော်ရှိသည့် ဖားကန့်မြို့နယ်တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပါတီများမှ ကိုယ်စားလှယ်လောင်း ၂၂ ဦးနှင့်တစ်သီးပုဂ္ဂလတစ်ဦး စုစုပေါင်း ၂၃ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲရုံပေါင်း လက်ရှိချိန်ထိ ၁၀၄ ရုံဖွင့်လှစ်ရန်လျာထားကြောင်း ၎င်းကဆက်ပြောသည်။
ကချင်ပြည်နယ်တွင် တစ်ခုလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိကာ မဲရုံပေါင်း ၉၁၀ ရှိပြီး မဲပေးခွင့်ရှိသူ ၁၁ သိန်းနီးပါးရှိကြောင်း သိရသည်။