အစိုးရအနေဖြင့် UEC ကို အမိန့်ပေးစေခိုင်းခြင်းမရှိကြောင်း သမ္မတရုံးပြောခွင့်ရသူဆို

အစိုးရအနေဖြင့် UEC ကို အမိန့်ပေးစေခိုင်းခြင်းမရှိကြောင်း သမ္မတရုံးပြောခွင့်ရသူဆို

မင်းထွန်း — ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် သီးခြားလွတ်လပ်သည့်ကော်မရှင်ဖြစ်ပြီး အစိုးရအနေဖြင့်အမိန့်ပေးစေခိုင်းခြင်းမရှိကြောင်း နိုင်ငံတော်သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

အစိုးရအနေဖြင့် ကော်မရှင်၏လုပ်ဆောင်မှုများ ချော့မွေ့အောင် အုပ်ချုပ်ရေးပိုင်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသာရှိကြောင်း အောက်တိုဘာ ၁၀ ရက်နေ့က အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရှင်းရှင်းပြောရရင်တော့ ရွေးကောက်ပွဲကော်မရှင်က သီးခြားလွတ်လပ်တဲ့ကော်မရှင်ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဘာလုပ်ပါ၊ ညာလုပ်ပါ အမိန့်ပေးစေခိုင်းတာမရှိပါဘူး၊ အမိန့်ပေးစေခိုင်းလို့လည်းမရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် အစိုးရက အုပ်ချုပ်ရေးအရတာဝန်ရှိတဲ့အတွက် လိုအပ်တဲ့ဟာတွေ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေချော့မွေ့အောင် အုပ်ချုပ်ရေးပိုင်းက ဖြည့်ဆည်းဆောင်ရွက် ပေးတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

UEC သည် အစိုးရနှင့် အာဏာရပါတီ၏လက်အောက်ခံမျိုးဖြစ်နေသည့်အတွက် ရွေးကောက်ပွဲသည်တရားမျှတမှုမရှိနိုင်ကြောင်း ဝေဖန်မှုများရှိနေသည့်အပေါ် အစိုးရအနေဖြင့် ကော်မရှင်ကိုအမိန့်ပေးစေခိုင်း၊ ညွှန်ကြား ခြင်းများရှိသလားဆိုသည့် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများအညီ ရွေးကောက်ပွဲပြုလုပ်နိုင်ရန် ကော်မရှင်တွင် ရှိသည့် ဝန်ထမ်းအင်အားသည်လုံလောက်မှုမရှိသဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းများက ကူညီဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဦးဇော်ဌေးက ဆက်ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်မှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ ဒီ COVID-19 ကို ကာကွယ်ထိန်းချုပ်ကုသရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ လုပ်ဖို့ဆိုတာကတော်တော်ခက်ပါတယ်။ သူ(ကော်မရှင်)တစ်ယောက်နဲ့ လုပ်ဖို့ဆိုတာက မနိုင်မနင်းဖြစ်ပါတယ်။ အဲတော့ လိုအပ်တဲ့ကျန်းမာရေးအပိုင်း၊ အုပ်ချုပ်ရေးအပိုင်း၊ ကျန်တဲ့ဌာနဆိုင်ရာတွေက နေပြီးတော့ ရွေးကောက်ပွဲကော်မရှင်အတွက် အဆင်ပြေအောင်မြင်နိုင်အောင် ပံ့ပိုးတဲ့အပိုင်းပဲဖြစ်ပါတယ်။ အပေါ်ကနေပြီးတော့ သူ့ကို ဘာလုပ်ပါ၊ညာလုပ်ပါ ပြောလို့လည်းမရဘူး၊ ပြောရင်လည်း လုပ်မှာမဟုတ်ဘူး” ဟု သူကဆိုသည်။

ယခင်က မဲရုံများပြုလုပ်ခဲ့သည့်စာသင်ကျောင်းများတွင် လက်ရှိကိုဗစ်ရောဂါကြောင့် Quarantine Center အဖြစ် အသုံးပြုလျက်ရှိနေသည့်အတွက် လိုအပ်သောမဲရုံအသစ်များအတွက် သက်ဆိုင်ရာ တိုင်း/ပြည်နယ် အလိုက် အုပ်ချုပ်ရေးပိုင်းမှ ကူညီဆောင်ရွက်ပေးနေကြောင်း ဦးဇော်ဌေးက ဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပရန် တစ်လခန့်သာ ကျန်ရှိတော့သော်လည်း ကိုဗစ်ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာနေသည့်အတွက် ပြည်သူလူထုများအနေဖြင့် စိုးရိမ်မှုများရှိနေကြသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၆၀၆၄ ဦးရှိပြီး သေဆုံးသူ ၅၉၈ ဦးအထိရှိလာကြောင်း ကျန်မားရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ သိရသည်။

Most read this week

အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက်။ (ဓာတ်ပုံ - ABN)
November 14, 2024
ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ...
November 14, 2024
ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏...
မတ်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် ရိုက်ကူးထားသည့် စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်ရှေ့မြင်ကွင်း။
November 13, 2024
ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင်းနေရာတချို့တွင် စစ်ကောင်စီက ခံတပ်အခိုင်အမာ...
November 13, 2024
ရခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများသည် အချိန်ကာလအားဖြင့်...