အွန်လိုင်းမှမဲစာရင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်၏ မဲစာရင်းကျန်ရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်များအနေဖြင့် ကိုဗစ်ကာတွင် မိမိတို့၏အမည်စာရင်းကို အွန်လိုင်းမှစစ်ဆေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်းနီတိုင်းရင်းသားအများဆုံးနေထိုင်သည့် ဗန်းဗောက်၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး၊ ပင်လည်ဘူး ဟူသည့် မြို့နယ်ခြောက်မြို့နယ် ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့ရကြောင်းသိရသည်။
"အဲဒီပြဿနာလေးက ဆော့ဝဲ (လ်) ပြောင်းတဲ့အခါမှာ နည်းနည်းအခက်ခဲရှိနေတယ်လို့ပြောတယ်။ ကျွန်တော်တို့ တိုင်းမှမဟုတ်ပါဘူး။ ကျန်တဲ့တိုင်းနှင့်ပြည်နယ်တွေမှာလည်း ရှိတယ်တဲ့ အဲ့လိုမျိုး။ ကျွန်တော်တို့လည်း ရိုက်ထားတဲ့စီဒီပြားကို ပေလိုက်ရတာကို။ ရိုက်ထားတဲ့အချိန် Error ပါသွားတာ ထင်တယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်ဦးကပြောသည်။
အဆိုပါအွန်လိုင်းမဲစာရင်းသည် တိုင်းဒေသအလိုက် ပေးပို့လိုက်သည့်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုက်ရိုက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဦးတင်ဦးက ဆက်လက်ပြောသည်။
"အွန်လိုင်းကနေတော့ မကြည့်ဖြစ်ဘူး။ အကုန်လုံးက မဲစာရင်းမှာပါကျတော့ ရပ်ကွက်ရုံးကိုပဲ သွားကြည့်ကြတာ။ အွန်လိုင်းနဲ့ကတော့ ဖုန်းလိုင်း ကောင်းတဲ့ချိန်ရှိတယ်။ မကောင်းတဲ့ချိန်ရှိတယ်ဆိုတော့ အွန်လိုင်းကနေကြည့်ဖို့က ခက်တယ်ဗျ" ဟု ဗန်းမောကဒေသခံ ဦးထွန်းမြင့်ကပြောသည်။
"အွန်လိုင်းကနေကြည့်မဘူးဆိုရင်လည်း ရပ်ကွက်ကော်မရှင်ရုံးမှာလည်း ကပ်ထားတာပဲ အွန်လိုင်းကတော့ ကိုဗစ်အခြေအနေအရ သွားရေးလာရေးခက်ခဲတဲ့ ကန့်သတ်ထားတဲ့မြို့နယ်တွေအတွက်ကိုတော့ နည်းနည်းလေးအဆင်ပြေအောင်လို့ လုပ်တာပါ" ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်ဦးကပြောသည်။
မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှစတင်၍ အွန်လိုင်းမှတဆင့် ကြည့်ရှုစစ်ဆေးနိုင်ပြီဖြစ်သည်။