ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် ပြိုင်ဘက်နိုင်ငံရေးပါတီကို ပထမဆုံးအဖြစ် မဲဆွယ်စည်းရုံးခွင့်ပေး

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် ပြိုင်ဘက်နိုင်ငံရေးပါတီကို ပထမဆုံးအဖြစ် မဲဆွယ်စည်းရုံးခွင့်ပေး
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် ပြိုင်ဘက်နိုင်ငံရေးပါတီအား ပထမဦးဆုံး ဝင်ရောက်မဲဆွယ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါဒေသရှိ ဟိုပုံးမြို့နယ်တွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီအားအောက်တိုဘာ ၈ ရက်က မဲဆွယ်စည်းရုံးရေးယာဉ်တန်းဖြင့် စီတန်းလှည့်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ နိုင်ငံရေးနှင့် ဒီမိုကရေစီအမြင်များ ပြောင်းလဲတိုးတက်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်သောမတ်ကပြောသည်။

“အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဟိုပုံးမြို့နယ်အတွက် ရိုးရာယဉ်ကျေးမှုနဲ့ သဘာ၀အခြေခံ ခရီးသွားဒေသတစ်ခုဖြစ်ဖို့ ပြင်ဆင်ထားတာရှိပါတယ်။ အဲ့ဒါတွေလုပ်ဆောင်ပေးဖို့ ကတိကဝတ်ပြုနိုင်ပါတယ်” ဟု ခွန်သောမတ်ကပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် ရှမ်းပြည်နယ်ရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ် မြို့နယ်သုံးခုကို စုစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပေးအပ်ထားခြင်းဖြစ်ပြီး ၎င်းဒေသတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အခြေစိုက်သည့် နယ်မြေတစ်ခုဖြစ်ကာ ယခင်ရွေးကောက်ပွဲများက ၎င်းဒေသသို့ ပြိုင်ဘက်နိုင်ငံရေးပါတီများကို ဝင်ရောက်မဲဆွယ်ခွင့်မပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းဒေသတွင် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ပြည်သူ့ပါတီ၏ မဲဆွယ်ဆိုင်းဘုတ်ထောင်ခြင်းကို တားမြစ်ခဲ့သည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ယင်းကိစ္စအပေါ် PNO မှ ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက ၎င်းတို့တားမြစ်ခြင်းမဟုတ်ဟု ငြင်းဆိုခဲ့သည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီအနေဖြင့် ဟိုပုံးနှင့် တောင်ကြီးမြို့နယ်နှစ်ခုတွင် ယဉ်တန်းဖြင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်းကို အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဒေသခံပြည်သူများ၏ လိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး စသည်တို့ကို သုတေသနပြုလုပ်၍ အဆင့်အလိုက် လွှတ်တော်တွင် တင်ပြအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ပါဝင်သည့် ကိုယ်စားလှယ်လောင်းများက ကတိပြုခဲ့ကြသည်။

“အဓိက ကတော့ ကျွန်တော်တို့က လူငယ်ဖြစ်တယ်။ လူမှုအဖွဲ့အစည်းမှာ ဝင်ရောက်ကူညီဖူးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် လူထုတွေရဲ့အခြေအနေ အောက်ခြေအထိ လိုအပ်ချက်တွေကိုသိတဲ့အတွက် လူထုတွေက ကျွန်တော်တို့ကို မဲထည့်ပေးမယ်လို့ ယုံကြည်တယ်” ဟု ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီမှ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် အမှတ် (၂) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ခွန်ရဲသွေးက ကတိပြုပြောကြားခဲ့သည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းတောင် မြို့နယ်ခုနစ်ခုတွင် ကိုယ်စားလှယ်လောင်း ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြီးခဲ့သည် ၂၀၁၅ ရွေးကောက်ပွဲတုန်းက တစ်ဦးမှ အနိုင်ရခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံးအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုရှိပြီး ၎င်းတို့မှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ကိုးကန့်ကိုယ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟူ၍ဖြစ်ကာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိပြီး ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများသည် ရှမ်းပြည်နယ်တွင်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...