ဧရာဝတီတွင် အပြင်မထွက်ရသတ်မှတ်ထားသည့် မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်နိုင်ရေး ကိုဗစ်စစ်ဆေးပေးမည်

ဧရာဝတီတွင် အပြင်မထွက်ရသတ်မှတ်ထားသည့် မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်နိုင်ရေး ကိုဗစ်စစ်ဆေးပေးမည်
by -
စောထွန်းလင်း (KIC)

ဧရာဝတီတိုင်းဒေသကြီးတွင် အပြင်မထွက်ရသတ်မှတ်ထားသည့် မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပြင်ထွက်မဲဆွယ်နိုင်ရေး ကိုဗစ်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးမြင့်နိုင်က အောက်တိုဘာ ၈ ရက်၌ ပြောသည်။

အဆိုပါ တိုင်းဒေသကြီးတွင် Stay at Home အဖြစ် ပုသိမ်၊ ဖျာပုံနှင့် မအူပင်မြို့နယ်များကို သတ်မှတ်ထားပြီး ၎င်းမြို့နယ်များမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်ခွင့်မဆုံးရှုံးစေရန် ကိုဗစ်ရှိ/မရှိ စစ်ဆေးမှုကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆေးရုံများတွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“Stay at home မဟုတ်တဲ့ မြို့တွေက ကိုယ်စားလှယ်လောင်းတွေက စည်းရုံးလို့ရတယ်။ Stay at home နေရတဲ့မြို့က ကိုယ်စားလှယ်လောင်းတွေက ထွက်လို့မရဘူး။ Stay at home  မြို့နယ်သုံးမြို့နယ်က ကိုယ်စားလှယ်လောင်းတွေ အပြင်ထွက်စည်းရုံးလို့ရအောင်လို့ ကိုဗစ်ရှိမရှိ စစ်ပေးမှာပါ” ဟု ဦးမြင့်နိုင်ကပြောသည်။

ယခုလို စစ်ဆေးပေးမည့် အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီ၏ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ အောက်တိုဘာ ၇ ရက်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“အစက ပုသိမ်နဲ့ သာပေါင်း သွားလိုက်ပြန်လိုက်ပဲ။ ကိုဗစ်ပိုဆိုးလာတော့ ပုသိမ်ကို မပြန်ဖြစ်ဘူး။ သာပေါင်းမှာပဲ နေဖြစ်တယ်” ဟု ပုသိမ်မြို့နယ်တွင်နေထိုင်ပြီး သာပေါင်းမြို့နယ်၊ တိုင်းဒေသကြီး အမှတ်-၂ မဲဆန္ဒနယ်ဝင်ပြိုင်မည့် ကရင်ပြည့်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း စောအောင်ဆန်းဦးက ပြောသည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီးတွင် Stay at home သတ်မှတ်ထားသည့် မအူပင်မြို့နယ်တွင် ပြည်သူ့လွှတ်တော် တွင် ကိုယ်စားလှယ်လောင်း ငါးဦးနှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ် -၁ နှင့် -၂ တို့၌ ကိုယ်စားလှယ်လောင်း ခြောက်ဦးစီ အသီးသီးဝင်ပြိုင်သွားမည်ဖြစ်သည်။

အလားတူ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်လောင်းလေးဦးနှင့် တိုင်းဒေသကြီး အမှတ် -၁ နှင့် -၂ ၌ ကိုယ်စားလှယ်လောင်း ခြောက်ဦးစီ ဝင်ပြိုင်မည်ဖြစ်ပြီး ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်တွင် ကိုးဦး တိုင်းဒေသကြီး -၁ ၌ ၈ ဦး၊ အမှတ် ၂ တွင် ၁၁ ဦး အသီးသီးဝင်ပြိုင်သွားမည်ဖြစ်ကာ ပုသိမ်မြို့တွင်နေထိုင်ပြီး အခြားမြို့နယ် မဲဆန္ဒနယ်တွင် သွားပြိုင်မည့်သူများလည်း ရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီ၏ အောက်တိုဘာ ၇ ရက်တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ မဲရုံပြုလုပ်မည့် စာသင်ကျောင်းများ၌ ကိုဗစ်စောင့်ကြည့်လူနာများထားရှိသည့် Quarantine Center များကို ပြောင်းဖွင့်ရေးကိစ္စ၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ဝင်ထွက်နေသည့် ကုန်တင်ကားများရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ် စစ်ဆေးခြင်းလုပ်ငန်းများ အောက်တိုဘာ ၈ ရက်တွင် စတင်စစ်ဆေးရန် စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ကော်မတီက သတင်းထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...