နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခွင့် ဆုံးရှုံးမှုမရှိရလေအောင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောက်မဲဒေသခံများက တောင်းဆိုလိုက်သည်။
“၂၀၁၅ ရွေးကောက်ပွဲတုန်းကဆိုရင် ကျွန်တော်တို့ကျေးသီးက စစ်ဖြစ်နေတဲ့အခါကျတော့ ကျေးသီး၊ မိုင်းရှူး၊ တန့်ယန်းတို့ ရွေးကောက်ပွဲ မကျင်းပခဲ့ရတာရှိတယ်။ အဲလိုမျိုး အခြေအနေ ဒီလိုမျိုး အခြေအနေမှာဆိုလို့ရှိရင် ဒီရွေးကောက်ပွဲက အဲမှာ မဲပုံးမရှိဘူး။ အဲဒီဒေသမှာ မဲထည့်ခွင့်မရှိဘူးလေ။ အဲဒါကြောင့်မို့လို့ အဲဒီစစ်ပွဲကို အမြန်ဆုံးရပ်တန့်ပေးပါလို့ တောင်းဆိုချင်တာပါ” ဟုပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများဖက်မှ ၎င်းတို့ ရွေးချယ်မည့် လွှတ်တော် ကိုယ်စားလှယ်များကို အဟန့်အတား တစ်စုံတစ်ရာမရှိပဲ ရွေးချယ်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နစ်နာမှုများလည်း ရှိနေသည့်အတွက် တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေးရန်လိုအပ်ကြောင်း နမ့်ခုံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
“အခုအချိန်မှာတော့ ငါးနှစ်တစ်ကြိမ် ကျင်းပရတဲ့ ရွေးကောက်ပွဲရှိတယ်။ နောက်ပြီးတော့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးပေါ့။ အခုအချိန်မှာသူတို့ရဲ့ စီးပွားရေးတော့ အများကြီး ထိခိုက်နစ်နာမှုရှိတယ်။ ဒါကြောင့်မို့လို့ စစ်ပွဲ အမြန်ဆုံးရပ်ပါလို့ နည်းနည်းလေးတောင်းဆို ချင်ပါတယ်ဗျာ” ဟုပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်အတွင်းတွင် အောက်တိုဘာ ၂ ရက်မှ စတင်ကာ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာသည့်အတွက် ဒေသခံများပြည်သူများမှာ သွားလာလုပ်ကိုင်စားသောက်ရန် ခက်ခဲလာမည်ကို စိုးရိမ်သည်မက မဲပေးခွင့်ဆုံးရှုံးမည်ကိုလည်း စိုးရိမ်နေကြဟုသည် ဆိုသည်။
အမည်မဖော်လိုသူ ကျောက်မဲဒေသခံတစ်ဦးက “ရွေးကောက်ပွဲလည်း နီးတယ်ဆိုတော့ အချိန်က တစ်လပဲ ကျန်တော့တာလေ အဲဒါဆိုရင်တော့ တအားကြီး စိုးရိမ်မှုတအားရှိမှာပေါ့။ ဘယ်လိုပြောရမလဲ ရွေးကောက် ပွဲ ကျောက်မဲအနေအထားအရ အများကြီးစိုး ရိမ်ရတယ်။ ဒေသခံတွေက မဲပေးဖို့ အနေအထား တော်တော် မလွယ်ဘူး ဖြစ်နေမှာ ဒီအချိန်တော့ တစ်ချို့ နေရာဆိုတော့ သူများသင်တန်းပေးရတယ် ထင်တယ်။ အဲဒီဖက်ပိုင်းက အုပ်စုတွေများတယ်လေ။ အဲဖက်က အုပ်စုတွေများတော့ သူတို့အတွက်တော့ တော်တော် အခက်အခဲတော့ ဖြစ်မှာ။ ဆက်ဖြစ်နေရင်ပေါ့နော ဆက်ဖြစ်နေရင် အချိန်က တစ်လပဲ ကျန်တော့တာလေ အကယ်၍များဆက်ဖြစ်ရင်တော့ မဲရုံထောင်ဖို့တော့ မလွယ်ဘူးလို့တော့ ကျနော်ထင်တာပဲ” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုက်ပွဲများနှင့် နယ်မြမတည်မငြိမ်မှုများကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်စီနှင့် ကျေးရွာအုပ်စုပေါင်း ၆၀၀ ခန့်တွင် ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။
ရှမ်းပြည်နယ်ရှိ မိုင်းလား၊ မိုင်းရှှုး၊ ကျေးသီး၊ ပန်ဝိုင်း၊ မိုင်းမော၊ နားဖန်း၊ ပန်ဆန်း စသည့် မြို့နယ် ၇ ခုလုံး တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်အပြင် မူဆယ်၊ မန်တုံ၊ ကုန်ကြမ်း၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ တန့်ယန်း၊ မက်မန်း မြို့နယ်များရှိ အချို့ကျေးရွာအုပ်စုများတွင်လည်း မဆန္ဒခံယူခြင်း မပြုလုပ်နိုင် ခဲ့ပေ။ အဆိုပါ မြို့နယ်များထဲမှ မိုင်းမော၊ နားပန်း၊ မက်မန်း၊ ပန်ဝိုင်း၊ ပန်ဆန်း စသည့် မြို့နယ်ငါးခုတွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည်ဟုသိရသည်။
ထို့အပြင် ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်း ယန်၊ မံစီ၊ တနိုင်း၊ ရွှေကူ စသည့်မြို့နယ်များရှိ အချို့ကျေးရွာအုပ်စုများတွင် မဲဆန္ဒခံယူပွဲများ မပြုလုပ်နိုင်ခဲ့သည်သာမက ရွေးကောက်ပွဲမပြုနိုင်သည့် ကျေးရွာ အုပ်စု စုစုပေါင်း ၂၂၁ ရွာခန့်ရှိခဲ့သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့များ၏ မှတ်တမ်းထဲတွင် တွေ့ရသည်။
ထို့နည်းအတူ ကရင်ပြည်နယ်ရှိ မြဝတီ၊ သံတောင်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များ အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် မဲဆန္ဒခံယူပွဲများကို ရုတ်သိမ်းခဲ့သည့်အပြင် မွန်ပြည်နယ် ဘီလင်းမြို့နယ်ရှိ ဘော်နော်ကြီးကျေးရွာအုပ်စုတွင်လည်း မဲဆန္ဒခံယူနိုင်ခြင်းမရှိဟု သိရသည်။
ထို့အပြင် ပဲခူးတိုင်းတွင်လည်း ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၉ စုနှင့် ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၂ စုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့များ၏ မှတ်တမ်းများကဆိုသည်။