လမ်းပန်းဆက်သွယ်ရေးမရှိသည့် ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံအသုံးအဆောင်ပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ပူတာအိုရွေးကောက်ပွဲကော်မရှင်မှအရာရှိ ဒေါ်အိအိဖြ်ိုးမှ သိရသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မချမ်းဘောမြို့နယ် ဟူ၍ မြို့နယ်ငါးမြို့နယ်ရှိသည့်အနက် မဲရုံသုံးပစ္စည်းများကို ခေါင်လန်ဖူးမြို့နယ်မှလွဲ၍ ကျန်မြို့နယ် လေးမြို့နယ်သို့ ကားဖြင့်ပို့ဆောင်နိုင်သော်လည်း ခေါင်လန်းဖူးမြို့နယ်သို့ပို့ဆောင်ရန် ကားလမ်းမရှိသည့်တွက် ရဟတ်ယာဉ်နှင့်လားများအသုံးပြု၍ ပို့ဆောင်ရန်စီစဉ်ထားကြောင်း ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဒေါ်အိအိဖြိုးက ပြောသည်။
“လောလောဆယ်တော့ မဲရုံအသုံးအဆောင်တွေကို ပူတာအိုမှာဘဲထိန်းသိမ်းထားသေးတယ်။ အဲပစ္စည်းတွေကို ပို့ဖို့တွက်က အောက်တိုဘာလ ဒုတိယအပတ်လောက်မှရမှာ ရဟတ်ယာဉ်နဲ့ပို့ဖို့ စီစဉ်ထားတယ်။ ရဟတ်ယာဉ်နဲ့ပို့ဖို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာတင်ထားပြီးဖြစ်တယ်။ ဒုတိယအပတ်မှာ ပို့နိုင်အောင်လုပ်ဖို့တော့ပြောထားတယ် ဒါပေမယ့် ဒီဘက်ကရာသီဥတုအခြေအနေကလည်း ကြည့်ရသေးတယ်” ဟု ပူတာအိုရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဒေါ်အိအိဖြိုးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲရုံသုံးပစ္စည်းများကို မြစ်ကြီးနားမှ ပူတာအိုခရိုင်တွင်းရှိ မြို့နယ် ငါးမြို့နယ်လုံးအား ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ရပြီး ယခုအခါ မြို့နယ်လေးခုသည် လမ်းပန်းဆက်သွယ်ရေးရရှိပြီဖြစ်သည့်အတွက် ၎င်းမြို့နယ်များသို့ ကားများဖြင့် ပို့ဆောင်မည်ဖြစ်ပြီး တင်ဒါအောင်မြင်ထားသည့် ကုမ္မဏီမှ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ခေါင်လန်ဖူးမြို့နယ်တွင်မူ ကားလမ်းများမရှိသည့်အပြင် ခေါင်လန်ဖူးထိ ရဟတ်ယာဉ်သွားရန် အဆင်မပြေသည့်တွက် ရဟတ်ယာဉ်များသည် ဝူယန်ထိ ပို့ဆောင်မည်ဖြစ်ပြီး ဝူယန်မှတစ်ဆင့် ခေါင်လန်ဖူးမြို့နယ်ထိ လားများဖြင့် ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဒေါ်အိအိဖြိုးကပြောသည်။
“ခုလောလောဆယ် ဒီမှာရောက်နေတဲ့ဟာတွေကို အရင်ပို့မှာဖြစ်တယ်။ ခေါင်လန်ဖူးထိ ရဟတ်ယာဉ်နဲ့သွားလို့မရတဲ့တွက် သွားလို့ရတဲ့နေရာ ဝူယန်ထိသွားပြီးတော့ အဲကနေတစ်ဆင့် လားနဲ့ပြန်သယ်မယ်။ လားတစ်ကောင်ကို ငှားဖို့ဆိုရင် တစ်ကောင်ကို လေးသောင်းခွဲကျတယ်လို့ ပြောကြတယ်။ လားတစ်ကောင်ဆိုလည်း အများဆုံးသယ်နိုင်မှ သုံးပိသာဘဲ သယ်နိုင်တယ်လို့သိရတယ်။ ပြီးတော့ ဒီမဲပုံးတွေကနေရာရမ်းယူတယ် ပုံးတွေကကားတဲ့ချိန်ကျတော့ လမ်းတွေကကျဉ်းတော့ ခက်ခဲတွေတော့ တော်တော်ရှိပါတယ်” ဟု ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဒေါ်အိအိဖြိုးကပြောသည်။
လက်ရှိပို့ဆောင်မည့် မဲရုံအသုံးအဆောင်ပစ္စည်းများအား သယ်ယူပို့ဆောင်ရန်တွက် သုံးစွဲမည့်ငွေကြေးကို ကျပ် ၂၆ သိန်းကျော်သုံးစွဲရန် လျာထားပြီး အဆိုပါမဲရုံအသုံးအဆောင်များတွင် မဲလက်မှတ်နှင့် မှင်အိုးအပါအဝင် အခြားပစ္စည်းများအားကျန်ရှိနေကာ ယင်းသုံးစွဲမည့် ပစ္စည်းများအတွက် ငွေကျပ် ၂၆ သိန်းတွင် ပါဝင်ခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။
ခေါင်လန်ဖူးမြို့နယ်တွင် ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် မဲဆန္ဒရှင်ဦးရေ ၈၄၀၀ ကျော်ရှိပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် ၈၅၆ဝ ရှိသဖြင့် မဲဆန္ဒရှင်တိုးလာကြောင်းနှင့် မဲရုံပေါင်း ၃၆ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသည့် လူဦးရေ ၅၅၃၆၂ ရှိခဲ့ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စုစုပေါင်း ၆၀၂၇၅ ရှိသဖြင့် ခရိုင်အတွင်း မဲဆန္ဒရှင်တိုးလာကြောင်း ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပူတာအိုခရိုင်တွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ၊ညီညွှတ်သောကွန်ကရက်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UPB) စုစုပေါင်း ရှစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်နေရာတွင် ၂၈ ဦး၊ အမျိုးသားလွှတ်တော်နေရာတွင် ခြောက်ဦး၊ ပြည်နယ်လွှတ်တော် အမှတ် ၁ တွင် ၂၇ ဦး၊ ပြည်နယ်လွှတ်တော်အမှတ် ၂ တွင် ၃၀ ဦးရှိပြီး တိုင်းရင်းသားရေးရာဝန်ကကြီးနေရာတွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၇ ဦး၊ ရှမ်းတိုင်းရင်းသားရေးရာတွင် ရှစ်ဦး၊ လီဆူတိုင်းရင်းသားရေးရာတွင် ရှစ်ဦး၊ ရဝမ်တိုင်းရင်းသားလူမျိုးရေးရာတွင် ခြောက်ဦး အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲရုံပေါင်း ၉၁၀ ဖွင့်လှစ်မည်ဖြစ်ကာ ပူတာအိုခရိုင်တွင် မဲရုံပေါင်း ၁၃၉ ဖွင့်လှစ်မည်ဖြစ်ပြီး ပူတာအိုမြို့နယ်တွင် ၄၈ ရုံ၊ မချမ်းဘောမြို့နယ်တွင် ၁၇ ရုံ၊ နောင်မွန်းမြို့နယ်တွင် မဲရုံ ၂၅ ရုံ၊ ခေါင်လန်ဖူးတွင် မဲရုံ ၃၆ ရုံ၊ ဆွမ်ပရာဘွမ် မြို့နယ်တွင် မဲရုံ ၁၂ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းနီးပါးခန့်ရှိနေပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင် ရှစ်သိန်းကျော်ရှိခဲ့ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ သိရသည်။
Published
Thursday, October 08, 2020
လမ်းပန်းဆက်သွယ်ရေးမရှိသည့် ခေါင်လန်ဖူးဒေသသို့ မဲရုံသုံးပစ္စည်းများရောက်ရှိရေး တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်မည်