မိုးညှင်းခရိုင်တွင် မဲရုံပေါင်း ၂၈၀ ရုံအနက် မသန်စွမ်းမဲပေးရမည့်မဲရုံပေါင်း ၁၄၀ ရှိဟုဆို

မိုးညှင်းခရိုင်တွင် မဲရုံပေါင်း ၂၈၀ ရုံအနက် မသန်စွမ်းမဲပေးရမည့်မဲရုံပေါင်း ၁၄၀ ရှိဟုဆို
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် မြို့နယ်သုံးခုရှိပြီး မဲရုံပေါင်း ၂၈၀ ရုံရှိသည့်အနက် မသန်စွမ်းများ မဲပေးမည့် မဲရုံပေါင်း ၁၄၀ ရုံရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

 

အဆိုပါ မသန်စွမ်းများအနေဖြင့် မဲရုံများတွင် လွယ်ကူစွာမဲပေးနိုင်ရေးအတွက် ယခုလအတွင်း မဲရုံမှူးများကို သတင်တန်းပေးသွားမည်ဖြစ်ပြီး မသန်စွမ်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ပညာပေးခြင်းပါ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“တစ်ချို့မဲရုံမှာကျတော့ တစ်ယောက်ရှိတာပါမယ်။ နှစ်ယောက်ရှိတာရှိမယ်။ ပြန့်ကျဲနေတဲ့သဘောပါ။ မဲလာပေးမယ့်ချိန်မှာလည်း ကျနော်တို့အနေနဲ့ မသန်စွမ်းတဲသူတွေ မဲပေးမယ့်ချိန်မှာ လွယ်လွယ်ကူကူမဲ ပေးနိုင်ဖို့တွက် ကျနော်တို့ ဒီလ လကုန်ပိုင်းဆိုရင် မဲရုံမှူးတွေကို သင်တန်းပေးဖို့ရှိတယ်။ အဲဒီချိန်မှာလည်း မသန်စွမ်းမဲပေးခြင်းနဲ့ပတ်သက်တဲ့ ပညာပေးတာတွေပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်” ဟု မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးမျိုးမင်းဦးကပြောသည်။

 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲထည့်နိုင်ရန်တွက် နိုင်ငံတော်အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ လမ်းညွှန်သင်တန်းများကို ကချင်ပြည်နယ်တွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက် သင်ကြားပေးနေသော်လည်း ကပ်ရောဂါကာလဖြစ်သည့်တွက် မဲပေးလမ်းညွှန်သင်ကြားများအား ပို့ချရာတွင် အခက်အခဲဖြစ်ပေါ်နေကြောင်း ကချင်ပြည်နယ် မသန်စွမ်းကိုယ်ကာယ ဥက္ကဌ ဦးဇုံးယော်က ပြောသည်။

 

“ဒီနှစ်ကတော့ မသန်စွမ်းတွေကို ရွေးကောက်ပွဲလမ်းညွှန်ကို သင်ပေးဖို့နိုင်ငံတော်ကနေ ဘတ်ဂျတ်ချပေးပြီးတော့ သင်တန်းပေးခိုင်းတယ်လို့ ကျွန်တော့်တို့ကို မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်ကနေ ညွှန်ကြားစာရောက်လာတဲ့တွက် ကျနော်တို့လည်း သင်တန်းတွေလုပ်နေပါတယ်။ ရောဂါကြောင့်မို့ လူတွေများများ စုလို့မရတာတွေကြောင့် သိပ်တော့အဆင်မပြေဘူး။ ခုလောလောဆယ်တော့ ဗန်းမော်ဘက်ပေးဖို့ စီစဉ်နေကြပါတယ်။ မကြာခင် မိုးညှင်းခရိုင်သွားပေးဖို့လည်း ရှိပါတယ်” ဟု ကချင်ပြည်နယ် ကိုယ်အဂါင်္မသန်စွမ်းသူများဥက္ကဌ ဦးဇုံးယော်က ပြောသည်။

 

မသန်စွမ်းသူများအား ရွေးကောက်ပွဲလမ်းညွှန်သင်တန်းများပေးခြင်းကို ယခုနှစ်တွင် ပထမဆုံး လုပ်ဆောင်နေခြင်းဖြစ်ပြီး  ယခင်ရွေးကောက်ပွဲက လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

 

မသန်စွမ်းများအား မဲစာရင်းကောက်ယူရာတွင် ဝီးချဲလ်သုံးသူ၊ ဂျိုင်းထောက်သုံးသူ၊ အခြားချို့ယွင်းသူများ အမျိုးအစားခွဲခြားထားပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသူ မိုးညှင်းမြို့နယ်တွင် ၂၃၇ ဦး၊ မိုးကောင်းမြို့နယ်တွင် ၁၀၅ ဦး၊ ဖားကန့်မြို့နယ်တွင် ၁၄၂ ဦးရှိကြောင်း မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မိုးညှင်းခရိုင်တွင် မဲဆန္ဒရှင်လူဦးရေ ၄၁၆၇၀၅ ရှိပြီး မဲရုံပေါင်း ၂၈ဝ ရှိကာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ၂၆၅၁၉၁ ရှိပြီး မဲရုံပေါင်း ၂၄၉ ရှိခဲ့ကြောင်း သိရသည်။

 

မိုးညှင်းခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၂ ပါတီရှိကာ ဝင်ရောက်ယှဉ်ပြိုင်ထားသည့် ကိုယ်စားလှယ်လောင်းဦးရေ ၈၉ ဦးရှိကြောင်းနှင့် ကချင်ပြည်နယ်တစ်ခုလုံးတွင် လာမည့် မသန်စွမ်းမဲဆန္ဒရှင် ရှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...