ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် တပ်မတော်သားမဲဆန္ဒရှင် ၁၆၉၅ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိ ဒေါ်အိအိဖြိုးက ပြောသည်။
အဆိုပါ ပူတာအိုခရိုင်အတွင်း တပ်မတော်သားမဲဆန္ဒရှင်အနေဖြင့် ပူတာအိုမြို့နယ်တွင် ၁၃၉၃ ဦးရှိကာ မချမ်းဘောမြို့နယ်တွင် ၃၀၂ ဦးရှိကြောင်း သိရသည်။
“ပူတာအိုခရိုင်မှာ တပ်ရင်းရှိတဲ့နေရာပေါ်မူတည်ပြီးတော့ ကောက်တာဖြစ်တယ်။ ခုတစ်ချို့ပြောနေတာက ဆွမ်ပရာဘွမ်မှာရှိတယ်ဆိုတာက မဟုတ်ပါဘူး။ ဒါက သူတို့အနေနဲ့ရှေ့တန်းနယ်မြေကိုထွက်တဲ့ချိန်မှာ ရောက်နေတဲ့သူတွေပါ။ ဒါပေမယ့် ဒီနှစ်ထူးခြားချက်က တပ်မတော်သားတွေလည်း ရောက်တဲ့အရပ်မှာ ရက်ပေါင်း ၉ဝ နေထိုင်ပြီဆိုရင် ပုံစံ ၃(က)နှင့် မဲပေးလို့ရအောင် လျှောက်ထားလို့ရတယ်။ဒါကြောင့် အခု ဒုတိယအကြိမ် မဲစာရင်းကြေညာတဲ့အခါမှာ မဲဆန္ဒရှင်တွေထပ်တိုးရင်တိုးလာနိုင်သေးတယ်” လို့ ဒေါ်အိအိဖြိုးကပြောသည်။
ပူတာအိုင်ခရိုင်တွင် ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ဟူ၍ မြို့နယ်ငါးမြို့နယ်ရှိပြီး ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်နှစ်ခု၏ မဲစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ခမ်းက ပြောသည်။
“ဒီဆွမ်ပရာဘွမ်မြို့နယ်မှာ တပ်သားတွေရောက်လာတဲ့ပုံစံက အပြင်ကလူတွေပြောတာတော့ နှစ်မျိုးရှိတယ်။ ပထမအချက်ကတော့ ရွေးကောက်ပွဲလုံခြုံရေးအတွက်ဆိုပြီး တပ်သားတွေရောက်လာတယ်။ ဒုတိယအချက်ကတော့ ဒီတပ်သားတွေကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ မဲထည့်ဖို့ဆိုပြီးပြောတယ်။ ဒါက အဓိကတော့ မြစ်ကြီးနား ၃၇ တပ်ရင်းနဲ့ မိုးညှင်းတပ်ရင်းတွေဖြစ်ပါတယ်။ ဆိုတော့ ဒီဟာတွေက မြို့နယ်လူဦးရေနဲ့ တပ်သားလူဦးရေ အချိုးကျမယ်ဆိုရင် ငါးပုံတစ်ပုံလောက်ရှိတယ်။ အဲဒီမှာလည်း တစ်ဆက်တည်းဘဲ ဒီမှာရွှေ့ပြောင်းလုပ်သားတွေကလည်း ရာနဲ့ချီရှိတယ်။ အဲတော့ ဒီနှစ်ခုပေါင်းလိုက်ရင် မြို့နယ်မဲထည့်လို့ရမယ့် လူဦးရေစာရင်းရဲ့ တစ်ဝက်နီးပါးလောက်ရှိလာမယ့် ပုံစံမျိုးတွေ့မြင်နေရတယ်” ဟု ၎င်းကပြောသည်။
ယင်း တပ်မတော်သားမဲဆန္ဒရှင် ၁၆ဝဝ ကျော်တွင် မဲထည့်နိုင်မည့် မဲရုံပေါင်း လေးရုံရှိပြီး ယင်းမဲရုံများသည် ပူတာအိုမြို့နယ်တွင် သုံးရုံ၊မချမ်းဘောမြို့နယ်တွင် တစ်ရုံရှိကာ ပူတာအိုခရိုင်တစ်ခရိုင်လုံးတွင် မဲရုံပေါင်း ၁၃၈ ရုံရှိကြောင်း သိရသည်။
“တပ်မတော်သားမဲရုံ လေးရုံထဲကနေ တပ်မတော်သားတွေ သီးသန့်မဲပေးရမှာက မဲရုံတစ်ရုံရှိတယ်။ သီးသန့်ဘာလို့ရှိလဲဆိုတော့ သူ့ရဲ့ ရပ်ကွက်က တစ်ရပ်ကွက်လုံးက တပ်ဘဲရှိတယ်။ ရပ်ကွက်နာမည်ကိုက တပ်သစ်ရပ်ကွက်လို့ခေါ်တယ်။ အဲဒီရပ်ကွက်မှာ တပ်ဘဲရှိတယ် တစ်ခြားအရပ်သားမရှိဘူး။ ကျန်တဲ့မဲရုံတွေကတော့ အရပ်သားတွေနဲ့ တူပေးရမယ့်မဲရုံဖြစ်တယ်” ဟုဒေါ်အိအိဖြိုးက ဆက်လက်ပြောသည်။
ထို့ပြင် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်တွင်လည်း တပ်မတော်သား ၄၀၀ ခန့်သည် ဂင်ဒူယာန်ကျောင်းမှာ၊ ဖုန်ကျန်ယန်ကျောင်း၊ကြက်ပေါင်ခြံထဲတွင် စခန်းချနေထိုင်လျက်ရှိပြီး ၎င်းတို့သည် ရှေ့ထမ်းတာဝန်ထမ်းဆောင်နေသူများဖြစ်ကာ ၎င်းတို့အခြေစိုက်တပ်ရှိရာမဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲပေးရမည့်သူများဖြစ်သော်လည်း ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲဥပဒေအရ ၎င်းတပ်မတော်သားများအနေဖြင့် ရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ပါက နေထိုင်သည့် မြို့နယ်မဲစာရင်းတွင် ပုံစံ ၃ (က) နဲ့ လျှောက်ခွင့်ပေးထားကြောင်း ၎င်းကပြောသည်။
“အဲဒီမှာ တပ်ရင်းမရှိဘူး။ အခြေစိုက်တပ်ရင်းရှိတာက ပူတာအိုမြို့နယ်နဲ့ မချမ်းဘောမှာဘဲရှိတယ်။ ပူတာအိုက သူ့တပ်ရင်းရှိတယ်။ ဆွမ်ပရာဘွမ်ဘက်သွားပြီး တာဝန်ထမ်းဆောင်တာ အဲလိုဘဲ ဆွမ်ပရာဘွမ်မှာ တနိုင်းကလူ၊ မြစ်ကြီးနားတပ်ကတို့၊ အဲဒါမျိုးတွေကရှေ့တန်းတာဝန်ထမ်းဆောင်ရင် ဆွမ်ပရာဘွမ်မှာရောက်မယ်။ မချမ်းဘောမှာရောက်မယ်။ ၂၀၁၅ တုန်းကလည်း အဲတပ်တွေက ပူတာအိုမှာဆို ပူတာအိုကဘဲမဲပေးရတာ ကြိုတင်မဲပေးရတာ။ ဒါပေမယ့် ဒီနှစ်ကတော့ တပ်ကလူတွေလည်း ရောက်ရာအရပ်ဒေသမှာ ရက် ၉၀ ထက်မနည်းနေတယ်ဆိုရင် ကျွန်မတို့က ပုံစံ ၃ (က) နဲ့ လျှောက်ခွင့်ပေးထားတဲ့အတွက်ကြောင့် ဆွမ်ပရာဘွမ်မှာတပ် ရှိတယ်လို့ ဖြစ်သွားတာ” ဟု ဒေါ်အိအိဖြိုးက ပြောသည်။
ရက် ၉၀ ထက်မနည်းနေထိုင်သူများအနေဖြင့် ပုံစံ ၃ (က) ဖြင့် အောက်တိုဘာ ၁ဝ ရက်အထိ လျှောက်ထားနိုင်ပြီး တပ်မတော်သားမဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် တာဝန်ထမ်းဆောင်ရမည်ဆိုပါက မိမိနေထိုင်ရာရပ်ကွက်တွင် နှစ်ရက်ကြိုကာ ကြိုတင်မဲပေးနိုင်သည်ဟု ဆိုသည်။
ပူတာအိုခရိုင်တွင် လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသည့် လူဦးရေ ၅၅၃၆၂ ရှိခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲထည့်လို့ရမည့် မဲဆန္ဒရှင်စုစုပေါင်း ၆၀၂၇၅ ရှိကြောင်း ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး၏ စာရင်းများအရ သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပူတာအိုခရိုင်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ၊ ညီညွတ်သော ကွန်ကရက်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UPB) စုစုပေါင်း ရှစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင်တွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအနေဖြင့် ပြည်သူ့လွှတ်တော်နေရာတွင် ၂၈ ဦး၊ အမျိုးသားလွှတ်တော်နေရာတွင် ခြောက်ဦး၊ ပြည်နယ် ၁ တွင် ၂၇ ဦး၊ ပြည်နယ် ၂ တွင် ၃၀ ဦးရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် ခုနစ်ဦး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် ရှစ်ဦး၊ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် ရှစ်ဦး၊ ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် ခြောက်ဦး အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။