ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များကြောင့် ဒုတိယအကြိမ်ထုတ်ပြန်မည့် မဲစာရင်းကြည့်ရှုရန် ရခိုင်စစ်ဘေးရှောင်များ အခက်အခဲဖြစ်နေ

ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များကြောင့် ဒုတိယအကြိမ်ထုတ်ပြန်မည့် မဲစာရင်းကြည့်ရှုရန် ရခိုင်စစ်ဘေးရှောင်များ အခက်အခဲဖြစ်နေ
by -
ထွန်းခိုင် (နိရဥ္စရာ)

ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များ ဒုတိယအကြိမ်ထုတ်ပြန်မည့် မဲစာရင်းကို ကြည့်ရှုရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၁၄ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာကော်မရှင်ရုံးခွဲများတွင် ကပ်ထားမည်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကြောင့် မဲစာရင်းကို သွားရောက်မကြည့်ရှုနိုင်သူများအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော်လည်း စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်မြောက်ပိုင်းမှ မြို့နယ်ခုနစ်ခုတွင် အင်တာနက်သုံးစွဲခွင့် 2G အဆင့်သာ ရရှိသဖြင့် ကြည့်ရှုမရကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်သူများကပြောသည်။

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်မင်းခိုင်က “ကျနော်တို့ ရသေ့တောင်မြို့နယ်မှဆိုရင် မွန်းလွဲ ၁ နာရီနောက်ပိုင်းဆိုရင် အပြင်ကို မထွက်ဖို့ စည်းကမ်းချက်တွေ သတ်မှတ်ထားတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် အပြင်ကိုထွက်ပြီး လွတ်လွတ်လပ်လပ်သွားလာလို့ မရဘူး။ နောက်တစ်ခုက စစ်ဘေးရှောင်တွေများစွာရှိတဲ့နေရာတွေမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာမည်ဆိုရင် လုံးဝထိန်းလို့မရနိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာနိုင်တယ်။ ဒါကြောင့် သူတို့တွေကို အပြင်ထွက်ဖို့အတွက် ကန့်သတ်ထားရတာတွေရှိတယ်။ ဒီအချက်တွေကြောင့် စစ်ဘေးရှောင်တွေ အပြင်ကိုထွက်ပြီး မဲစာရင်းသွားကြည့် ဖို့ဆိုတာကလည်း အခက်အခဲတစ်ခုဖြစ်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက stay at home ကာလဖြစ်သွားကြောင့် စစ်ဘေးရှောင်များအား မဲစာရင်း သွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းရန်မဖြစ်နိုင်ဟု ဆိုသည်။

“စစ်ဘေးရှောင်တွေကလည်း သူတို့ရဲ့မဲစာရင်းကို ဘယ်နေရာမှာ ကပ်ထားသလဲဆိုတာကိုလည်း တိတိကျကျ သိဖို့လိုတယ်။ နောက်တစ်ခုက မဲစာရင်းတွေမှာ ပါ/မပါ သွားကြည့်ရှုရန် သူတို့ကို တိုက်တွန်းဖို့အတွက်လည်း stay at home ကာလဖြစ်တဲ့အတွက် တိုက်တွန်းလို့ မရဘူးဖြစ်နေတယ်” ဟု ဒေါ်ခင်စောဝေကပြောသည်။

၎င်းအပြင် ရခိုင်ပြည်သူများနှင့် စစ်ဘေးရှောင်များမှာ ကိုဗစ်အခက်အခဲ၊ စီးပွားရေးအခက်အခဲ၊ စစ်ရေးအခက်အခဲများကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းလာကြသည်ဟု ရခိုင်ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။

ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိသည့်အနက် ဒေသခံပြည်သူ နှစ်သိန်းနှစ်သောင်းကျော်ခန့်မှာ စစ်ဘေးရှောင်ဘဝဖြင့် နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်နေသူများဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...