မဲဆွယ်ရာတွင် လူဦးရေ ၅၀ သာစုဝေးရန် သတ်မှတ်ချက်အားကျော်လွန်၍ လူရာဂဏန်းအထိ စုဝေးမှုဖြစ်ပေါ်ခဲ့သည့်အပေါ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းထွန်းက ပြန်လည်ရှင်းလင်းခဲ့သည်။
ဦးမင်းထွန်းသည် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၆ အမျိုးသားလွှတ်တော်နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းဝင်ပြိုင်မည့် နယ်မြေအတွင်း မဲဆွယ်ဟောပြောလှည့်လည်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်အတိုင်း လူငါးဆယ်သာဖိတ်ကြားခဲ့သော်လည်း ကျေးရွာလူထုနှင့် လူငယ်များစိတ်အား ထက်သန်စွာ ပါ၀င်ပူးပေါင်းလာမှုများကြောင့် လူဦးရေ ရာဂဏန်းအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ကျမ်းမာရေး၀န်ကြီးဌာနကတော့ ၅၀ ပဲခွင့်ပြုတာပေါ့။ ကျွန်တော်တို့လဲ ၅၀ ပဲဖိတ်တာ။ တစ်ရွာ၀င် တစ်ရွာထွက်နဲ့သွားတော့ ရွာတွေကလိုက်လာကြတဲ့အခါမှ အခုလိုလူများသွားတာ။ လူများပေမယ့် စည်းကမ်းလိုက်နာကြပါတယ်။ ဆိုင်ကယ်တွေ တစ်စီးနဲ့တစ်စီး အရမ်းကပ်မမောင်းကြဘူး။ mask တွေလဲတပ်ကြတယ်လေ" မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၆ အမျိုးသားလွှတ်တော်နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးမင်းထွန်းကပြောသည်။
ယင်းသို့ ပါတီ၏ မဲဆွယ်ရေးတွင် ဝန်းရံသူများပြားလာခြင်းသည် ပါတီ၏ လုပ်ဆောင်မှုများနှင့် လက်ရှိရွေးကောက်ပွဲတွင် ကျားနီပါတီမှ လူငယ်များ၊ လူလတ်ပိုင်းများကို အဓိက ရွေးချယ်၀င်ရောက် ယှဉ်ပြိုင်မှုများကြောင့်ဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် ရှမ်းနီတိုင်းရင်းသားများအား တက်ကြွမှုနှင့် အမျိုးသားရေး စိတ်အားထက်သန်မှုတွေကို ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း ၄င်းကဆက်လက်ပြောသည်။
"ဒီနှစ်ကတော့ တကယ့်ကိုအားရစရာကောင်းတယ်။ အင်အားကြီးတဲ့ ပါတီတစ်ခုအနေအထားမှာ ရောက်လာတာပေါ့။ ၀န်းရံတဲ့သူတွေ တကယ့်အင်အားရှိပြီး ရောက်လာကြတာ။ အဲတော့ ကျွန်တော်တို့ပါတီကို သူများတွေ စိတ်၀င်စားလာကြတယ်ပေါ့" ဟု ၎င်းက ပြောသည်။
ကျားနီပါတီသည် ကချင်ပြည်နယ်တစ်ခုလုံးအနေဖြင့် မဲဆန္ဒနယ် ၂၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မိုးကောင်းမြို့နယ်တွင် တိုင်းရင်းသားမဲဆန္ဒနယ် နှစ်ခုအပါအ၀င် မဲဆန္ဒနယ် ခြောက်ခုရှိရာ မဲဆန္ဒနယ် ခြောက်က်ခုစလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် ၎င်းမဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။