ရွေးကောက်ပွဲတွင် NLD အား အဓိကပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ဥက္ကဌ ဦးဖိုးရယ်ကပြောသည်။
KySDP သည် ကယားပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ကယားပြည်နယ် မြို့နယ်ခုနစ်မြို့နယ်ရှိ မဲဆန္ဒနယ် ၃၄ တွင် နေရာ ၃၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁ နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ခြောက်နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ ဗမာတိုင်းရင်းသားဝန်ကြီး တစ်နေရာ စုစုပေါင်း မဲဆန္ဒနယ် ၃၀ တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် KySDP ၏ ကိုယ်စားလှယ်လောင်းများ၏ အနိမ့်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်းဖြစ်သည်။
လက်ရှိတွင် KySDP ကို ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များ၊ တက်ကြွလုပ်ရှားလူငယ်များ၊ ကရင်နီမျိုးနွယ်စုလူငယ်များမှ ဝန်းရံထောက်ခံအားပေးမှုရရှိလာပြီး တဖြည်းဖြည်း အားကောင်းလာသဖြင့် ကယားပြည်နယ်တွင် NLD အား ယှဉ်ပြိုင်နိုင်သည့် အနေအထားဖြစ်လာသည်ဟု ပါတီက ယုံကြည်လျက်ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေသအခြေစိုက်ပါတီဖြစ်ကြသည့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ANDP)၊ ကယားလူမျိုးစု ဒီမိုကရက်တစ်ပါတီ (KPDP)၊ ကယန်းအမျိုးသားပါတီ (KNP) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း တစ်ဦးမှ အနိုင်မရခဲ့သဖြင့် ၂၀၁၇ ခုနှစ်တွင် ANDP နှင့် KNDP နှစ်ပါတီတို့ ပူးပေါင်း၍ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ဟု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ကယန်းအမျိုးသားပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့ကာ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် နယ်မြေအလိုက် နေရာခွဲပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ယင်း KySDP အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအား အဓိကမူအဖြစ်ချမှတ်ထားပြီး ရွေးကောက်ပွဲဆောင်းပုဒ်အနေဖြင့် “ဖက်ဒရယ်မျှော်ရည် ရွှေဖားစည်၊ ဖားစည်မည်မှ ပြည်သာမည်၊ ဖက်ဒရယ်စနစ် ဖော်ဆောင်ဖို့ ရွှေဖားစည်ကိုမဲပေးစို့” ဟူ၍ ဖြစ်ကာ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအနိုင်ရရှိပါက ပြည်နယ်တွင် အဓိကရင်ဆိုင်နေရသည့် မြေယာပြဿနာများ၊ တိုင်းရင်းသားဒေသနှင့် ကိုက်ညီမှုမရှိသည့် ၂၀၁၂ လယ်ယာမြေဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ရန် လုပ်ဆောင်ခြင်းများအပြင် အမျိုးသမီးကဏ္ဍ၊ လူ ငယ်ကဏ္ဍ၊ လူမှုရေးကဏ္ဍများ၊ ငြိမ်းချမ်းရေးဖြစ်လမ်းစဉ်များ၊ ပြည်နယ်အကျိုးပြု အစိုးရဖြစ်စေရန် ထိန်းကျောင်းခြင်းများကို ပီပီပြင်ပြင အကောင်အထည်ဖော်မည်ဟု ဥက္ကဌ ဦးဖိုးရယ်က ကတိပြုပြောကြားခဲ့သည်။
၎င်းပါတီအနေဖြင့် ကယားပြည်နယ်ရှိ မြို့နယ် ခုနစ်မြို့နယ်တွင် အနိုင်ရရန်မှာ လွယ်ကူခြင်းမရှိဘဲ လွိုင်ကော်မြို့သည် လက်ရှိ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝန်းရံထောက်ခံသူများသည့် မြို့ဖြစ်သလို၊ ဘောလခဲမြို့နယ်သည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထောက်ခံသူများသည့် မြို့များဖြစ်ပြီး ပြည်နယ်တစ်ခုလုံးအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD က ၂၆ နေရာ၊ USDP က ခုနစ်နေရာ အသီးသီး အနိုင်ရထားခြင်းဖြစ်သည်။
လက်ရှိတွင် KySDP အနေဖြင့် ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရေး အခက်အခဲအနည်းငယ်ရှိပြီး ပါတီ ရန်ပုံငွေနည်းပါးသည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဥက္ကဌ ဦးဖိုးရယ်က ဝန်ခံပြောကြားခဲ့သည်။