ပအိုဝ်းဒေသများတွင် ပြိုင်ဖက်ပါတီများကို မဲဆွယ်ဆိုင်းဘုတ်ထောင်ခွင့်မပြု

ပအိုဝ်းဒေသများတွင် ပြိုင်ဖက်ပါတီများကို မဲဆွယ်ဆိုင်းဘုတ်ထောင်ခွင့်မပြု
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ပအိုဝ်းဒေသတွင် နိုင်ငံရေးပါတီများ ဆိုင်းဘုတ်ထောင်ခြင်းကို PNO ပါတီက တားမြစ်ခဲ့ကြောင်း တောင်ကြီးမြို့ ယ် ပြည်နယ်မဲဆန္ဒနယ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီမှ ဦးဝင်းကိုကိုကပြောသည်။

တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စုတွင် ပြည်သူ့ပါတီက မဲဆွယ်ဆိုင်းဘုတ်ထောင်ခြင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီက ခြိမ်းခြောက်တားမြစ်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့ ကက္ကူကျေးရွာအုပ်စုမှာ ဆိုင်ဘုတ်သွားထောင်တော့ ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးနဲ့  PNO ကလူကြီး ဖုန်းနဲ့ဆက်ပြီး ငါတို့က သူပုန်ခေတ်ကတည်းက နိုင်ငံရေးလုပ်လာတာ။ အခုအချိန်မှာ တစ်ခြားပါတီတွေကို ဆိုင်းဘုတ်ထောင်ခွင့်မပြုနိုင်ဘူး။ ဒီနယ်ထဲမှာ လုံး၀ထောင်လို့မရဘူး။ ထောင်ရင်လဲ ဖျက်ဆီးမှာလို့ ပြောဆိုခဲ့ပါတယ်” ဟု ဦးဝင်းကိုကိုကပြောသည်။

ယင်းသို့ တားမြစ်မှုနှင့်ပတ်သက်၍ ၎င်းတို့ ပါတီအနေနှင့် ယင်းကဲ့သို့တားမြစ်ခဲ့ခြင်းမျိုးမရှိကြောင်း၊  ကျေးရွာတွင်းရှိ PNO ပါတီ အမာခံများမှ လက်မခံလျှင် လုပ်ဆောင်၍မရနိုင်ကြောင်း သက်ဆိုင်ရာပါတီအနေနှင့် ဒေသခံများကိုသာ စည်းရုံးရန်လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှ ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက ပြန်လည်အကြံပြုပြောကြားသည်။

ပြည်သူ့ပါတီမှ ကက္ကူကျေးရွာအုပ်စုရှိ ဆောင်ဖိုးကျေးရွာသို့ ဆိုင်းဘုတ်ထောင်ရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားရာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၎င်းတို့အနေနှင့် ခွင့်ပြုသော်လည်း PNO မှ ကက္ကူနယ်မြေအတွင်း အခြားပါတီများ၏ ဆိုင်းဘုတ်များ ထောင်ခွင့်မပြုရန် ထုတ်ပြန်ထားသည်ဟု ပြောဆိုလာသဖြင့် ပြည်သူ့ပါတီအနေနှင့် ကက္ကူနယ်မြေတစ်ခုလုံးဆိုင်းဘုတ်ထောင်ခွင့်မရကြောင်း ဦးဝင်းကိုကိုကပြောသည်။

“ကျွန်တော်တို့ ပအိုဝ်းဒေသမှာ ပါတီဆိုင်းဘုတ်ထောင်တဲ့နေရာမှာ အခက်အခဲရှိရင် ကျွန်တော်တို့ ၎င်းတို့ကူညီနိုင်ပေးလို့ရပါတယ်။ဘယ်နိုင်ငံရေးပါတီမဆို၊ ရပ်ကွက်ကျေးရွာတွေကိုသွားရင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနဲ့ ကော်မရှင်တွေကခွင့်ပြုရင် ဘယ်သူမှ တားဆီးပိုင်ခွင့်မရှိဘူး။ တားလို့လဲမရဘူး” ဟု စောခွန်ကျော်ဝင်း ဆက်လက်ပြောသည်။

ယင်းနယ်မြေတွင်းသို့ ဆိုင်းဘုတ်ထောင်ခြင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ပါတီမှ ဦးဝင်းကိုကိုက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်တင်ပြသွားရန်ရှိကြောင်း ပြောကြားခဲ့ပါသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...