မွန်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆရာ/ဆရာမဦးရေ အင်အား ၁၅၀၀၀ ကျော် အသုံးပြုရန်လျာထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
မွန်ပြည်နယ်တွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမပေါင်း ၃၀၀၀၀ နီးပါးရှိပြီး ရွေးကောက်ပွဲအတွက် အဆိုပါဆရာ/ဆရာမများအနက် မဲရုံမှူးအဖြစ် ၉၅၅ ဦး၊ ဒုတိယမဲရုံမှူးအဖြစ် ၉၅၅ ဦး ခန့်အပ်သွားမည်ဖြစ်ပြီး ကျန်သူများကို အဖွဲ့ဝင်အနေဖြင့် အသုံးပြုရန်လျာထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးတာဝန်ရှိသူ ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်ကပြောသည်။
"ကျွန်မတို့ မွန်ပြည်နယ်မှာ အခြေခံပညာကျောင်းဆရာ/ဆရာမဝန်ထမ်းဦးရေက ၃၀၀၀၀ နီးပါးရှိပါတယ်။ အဲဒီထဲမှာ ရွေးကောက်ပွဲ အတွက် ၁၅၀၀၀ ကို တာဝန်ပေးဖို့ လျာထားချက်ရှိပါတယ်" ဟု ၎င်းကပြောသည်။
သို့သော် မဲရုံတွင် တာဝန်ထမ်းဆောင်ရမည့်သူများအနေဖြင့် အသက်အရွယ်ကြီးရင့်သူများ၊ ပင်စင်ယူခါနီးသူများ၊ ကိုယ်ဝန်ဆောင်ထားသူများ ခန့်အပ်ခြင်းမပြုရန် တားမြစ်ထားပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမများကို ၎င်းတို့နေထိုင်ရာနေရာနှင့် နီးစပ်သည့်မဲရုံများတွင်သာ တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်ဟု ဆိုသည်။
"ရွေးကောက်ပွဲက ငါးနှစ်တကြိမ်ကျင်းပတာဆိုတော့ အခုအချိန်ဆို သုံးကြိမ်ရှိပြီ ပညာရေးဝန်ထမ်းအများစုက မဲရုံမှူး၊ ဒု-မဲရုံမှုး၊ မဲရုံအဖွဲ့အဝင်အဖြစ်ပေါ့ အခြားဋ္ဌာနဆိုရင် ဝန်ထမ်းတွေလည်းပါတယ်။ ဒါပေမဲ့ မဲရုံကိုတာဝန်ယူရတာက ပညာရေးဝန်ထမ်းတွေအတွက် အစဉ်အလာလိုဖြစ်နေပါပြီ" ဟု ၎င်းကပြောသည်။
မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူတစ်ဆယ့်ခုနစ်သိန်း ခြောက်သောင်းကျော် ရှိပြီး၊ မဲရုံပေါင်း ၉၇၃ ရုံ ဖွင့်လှစ်ရန်လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။
Published
Friday, September 25, 2020
မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအတွက် ဆရာ/ဆရာမဦးရေ ၁၅၀၀၀ ကျော် အသုံးပြုရန်လျာထား