ကယားပြည်နယ်မဲရုံများအတွက် အထူးရဲ ၂၀၀ ကျော်ခန့်အပ်

ကယားပြည်နယ်မဲရုံများအတွက် အထူးရဲ ၂၀၀ ကျော်ခန့်အပ်
by -
နော်ဒွေးအယ်ခူ (KT)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ကယားပြည်နယ်မဲရုံများအတွက် အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးကို ခန့်အပ်ထားကြောင်း ကယားပြည်နယ်ရဲတပ်ဖွဲ့ (ပြည်နယ်ဦးစီးပထမတန်း) မှ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်ကပြောသည်။

“မဲရုံ ၂၂၀ ရှိတဲ့အတွက် အထူးရဲတပ်ဖွဲ့ကလည်း ၂၂၀ စုဆောင်းထားတာရှိတယ်။ မဲရုံတစ်ရုံကို အထူးရဲတပ်ဖွဲ့တစ်ယောက်စီ တာဝန်ပေးမယ်” ဟု ဒု-ရဲမှူးကြီးအောင်ကျော်မြင့်က ဆိုသည်။

၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်တွင်းရှိ ရဲတပ်ဖွဲ့အင်အားမလုံလောက်သည့်အတွက် သြဂုတ်လအတွင်းက အထူးရဲတပ်သားများကို ရွေးချယ်ခဲ့ပြီး အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးနှင့် အရံအင်အား ငါးဦး စုစုပေါင်း ၂၂၅ ဦးကို ထားရန်လျာထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရဲများအနေဖြင့် ကယားပြည်နယ် မြို့နယ် ခုနစ်မြို့နယ်အလိုက် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပသည့်ရက် စတင်ကြေညာသည့်ရက်ကစပြီး ဌာနချုပ်၏ ညွှန်ကြားချက်အရ အထူးရဲတပ်သားကို စတင်ခေါ်ယူခဲ့ပြီး သက်ဆိုင်သည့် လုပ်ငန်းတာဝန်များပေးအပ်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

အဆိုပါအထူးရဲတပ်သားများကို လက်ရှိ ရဲတပ်ဖွဲ့တစ်ဦးခံစားခွင့်ရှိသည့်အတိုင်း လစာ (၁၄၄၀၀၀) နှင့် ရိက္ခာအတွက် တစ်ရက်လျှင် တစ်ထောင့်ရှစ်ရာနှုန်းဖြင့် တစ်လလျှင် (၅၄၀၀၀) ကျပ် ခံစားခွင့်ရမည်ဖြစ်သည်။

အဆိုပါ အထူးရဲတပ်သားများသည် အသက် ၁၈ နှစ်မှ ၆၀ အတွင်းရှိသူများ၊ ကျန်းမာရေးကောင်းမွန်သူများ၊ ပညာအရည်အချင်းမှာ အလယ်တန်းအောင်အဆင့်ရှိသူများ၊ အရပ်မရှည်/မပုလွန်းသူများ၊ ရပ်ကွက်အတွင်းနေထိုင်သူ၊ အဂတိလိုက်စားမှုကင်းရှင်းပြီး ပါတီနိုင်ငံရေးကင်းရှင်းသူများ စသည့်သတ်မှတ်ချက်များဖြင့် ရွေးချယ်ခန့်အပ်ထားခြင်းဖြစ်ကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...