ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ၏မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ၏မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ
by -
ခေါင်ညွယ် (KNG)

ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) အနေဖြင့် ၁၉၄၉ ပင်လုံကတိကဝတ်အခြေခံ၍ စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးကို ပန်းတိုင်အနေဖြင့် သတ်မှတ်ထားကြောင်း ယင်းပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးအင်ဂျိုင်းနော်ဂျာကပြောသည်။

ထို့ပြင် ရွေးကောက်ပွဲအောင်နိုင်ခဲ့ပါက ပါတီ၏ ပထမဦးစားပေးမူဝါဒများဖြစ်သော ကချင်ပြည်နယ်နှင့် နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် ပထမဦးဆုံး အကောင်အထည်ဖော်မည်ဖြစ်ပြီး ပြည်နယ်များကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကာ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင်လည်း အားတက်သရော ပါဝင်မည်ဖြစ်ကြောင်းနှင့် စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးတို့ကိုပါ လုပ်ဆောင်သွားမည်ဟုဆိုသည်။

ယင်းပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ပူတာခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရို်င်၊ မြစ်ကြီးနားခရိုင် လေးခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားပြီး ရှမ်းပြည်နယ်တွင် နမ္မတူမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင်တစ်ဦး စုစုပေါင်းကိုယ်စားလှယ်လောင်းဦးရေ ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အဆိုပါ ကိုယ်စားလှယ်လောင်း ၂ဝ ဦးအနက် အမျိုးသမီးကိုယ်စားလှယ်လောင်းဦးရေ လေးဦးပါဝင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) သည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် နိုင်ငံရေးအမြင်ရှိသူ၊ ပြည်သူ့အကျိုး အမှန်တစ်ကယ်လုပ်ကိုင်ချင်သည့် စိတ်ဓါတ်ရှိသူများအား အဓိကထားကာရွေးချယ်ထားခြင်းဖြစ်ပြီး ပညာအရည်ချင်း ကန့်သတ်ထားခြင်းမရှိသေးကြောင်း ပါတီပြန်ကြားရေးတာဝန်ခံ ဦးအင်ဂျိုင်းနော်ဂျာက ပြောသည်။

ကချင်ကွန်ကရက်ပါတီသည် ၂၀၁၅ ခုနှစ်တွင် ကိုယ်စားလှယ်လောင်း ၃၇ ဦးယှဉ်ပြိုင်ခဲ့ရာ တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်းမရှိသော်လည်း လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင်မူ  ၃၀ ရာခိုင်နှုန်း အနိုင်ရရှိရန် မျှော်မှန်းထားကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ကချင်ပြည်နယ်တွင် NLD က ၂၂ နေရာဖြင့် အများဆုံးအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက ခုနစ်နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သဖြင့် ကချင်ကွန်ကရက်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီကြီးများကိုကျော်လွန်၍ အောင်နိုင်ရန် လွယ်ကူမည်တော့မဟုတ်ချေ။

သို့သော်လည်း ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရရှိခဲ့ခြင်းမှာ ယင်းအချိန်က  ပါတီအလံ (LOGO) သည်  ကချင်အမျိုးသားအလံနဲ့ တူနေသည့်အတွက် ရွေးကောက်ပွဲကော်မရှင်က အတည်ပြုရန် ကြန့်ကြာမှုများရှိခဲ့ရာ မဲဆွယ်စည်းရုံးကိုထိခိုက်ပြီး ပါတီအောင်နိုင်ရေး ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဦးအင်ဂျိုင်းနော်ဂျာက တုန့်ပြန်ပြောကြားခဲ့သည်။

KNC အလံသည် (LOGO) တံဆိပ်သည် ကချင်လက်နက်ကိုင် KIA ၏အလံနှင့် ဆင်တူနေသည့်တွက်ဟုဆိုကာ ကြန့်ကြာမူများရှိခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါအလံသည် ကချင်အမျိုးသားများ၏ အလံဖြစ်ကာ KNC ပါတီသည် ၁၉၄၉ ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ပါတီစတင်ထူထောင်ခဲ့သည့်ချိန်မှစတင်ကာ အသုံးပြုခဲ့ခြင်းဖြစ်သည့်တွက် ပြန်လည်အဆင်ပြေသွားသော်လည်း မဲဆွယ်ရန် နှောင့်နှေးမူများရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ပါတီအနေဖြင့် ၂၀၂ဝ ရွေးကောက်ပွဲအောင်နိုင်ရေးအထိုက်အလျောက် မျှော်မှန်းထားသော်လည်း ယခုအခါကျန်းမာရေးကန့်သတ်ချက်များကြောင့်  မဲဆွယ်ရေးစည်ရုံးရေးအတွက် အခက်အခဲများနှင့်စတင် ရင်ဆိုင်နေရပြီဖြစ်သည်။

ကချင်အမျိုးသားပါတီ (KNC) ပါတီသည် ၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်ပါတီဖြစ်ပြီး ၁၉၅၀ ကျော်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများနှင့် ၁၉၉၀ တွင်ပြန်လည်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ပြီး ယခုအချိန်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရုန်းကန်နေရသည့် ပါတီတစ်ခုဖြစ်သည်။

ယင်းပါတီသည် ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်များတွင်တပ်မတော်ပါဝင်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံအရဖြစ်သဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ဆောင်လိုသည့်ပါတီဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...