မင်းထီး — မြန်မာနိုင်ငံရဲ့ တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပဖို့ရက်ပေါင်း (၅၀) ကျော်သာ လိုတော့တဲ့အချိန် စက်တင်ဘာလ (၈) ရက်နေ့က မဲဆွယ်စည်းရုံးရေးအတွက် စတင်ခွင့်ပြုလိုက်ပြီး COVID-19 ရောဂါ မြန်မာနိုင်ငံအတွင်း ဒုတိယအများဆုံး ကူးစက်ခံထားရတဲ့ ရခိုင်ပြည်မှာတော့ မဲဆွယ်စည်းရုံးရေးကို နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ ဒေသန္တရဥပဒေနဲ့အညီ ပြုလုပ်နေကြရတာကို တွေ့နေရပါတယ်။
ရခိုင်ပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လက်ရှိအစိုးရဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တစ်ချို့ကို ချန်လှပ်ထားတာကို တွေ့ရပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ တစ်နိုင်ငံလုံးအနိုင်ရထားတဲ့ ပါတီတစ်ခုအနေနဲ့ ရခိုင်ပြည်နည်မြောက်ပိုင်းက နေရာတစ်ချို့ကို ၂၀၂၀ မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ဘာကြောင့် ဝင်ရောက်ယှဉ်မပြိုင်တာလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
လက်ရှိ အာဏာရပါတီ NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်အတွင်း ပြင်းထန်နေတဲ့ ပြည်တွင်းစစ်ကြောင့်လား၊ ဒါမှမဟုတ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစဉ်အလာအားဖြင့် ရခိုင်ပါတီတွေသာ နိုင်လေ့ရှိပြီး တစ်ခြား ပြည်မပါတီတွေနိုင်ခဲ့ဖူးတဲ့ အစဉ်အလာမရှိခဲ့တာကြောင့်လား၊ နောက်တစ်ချက်က ၂၀၁၅ အထွေထွရွေးကောက်ပွဲပြီးတဲ့နောက် အစိုးရဖြစ်လာတဲ့လက်ရှိ NLD အစိုးရနဲ့ ရခိုင်လူထုကြား ယုံကြည်မှုတွေ ပျက်စီးခဲ့ကြတာကြောင့်လား ဒီသုံးခုလုံးကြောင့်ပဲလားဆိုတာ စဉ်းစားစရာလို့ ထင်ပါတယ်။
NLD ပါတီဥက္ကဋ္ဌ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရခိုင်အရေးနဲ့ပတ်သတ်ရင် ရခိုင်လူထုဘက်က ဝင်ရောက်ပြောဆိုတာမျိုးမရှိခဲ့သလို သူ့အစိုးရလက်ထက် (၅) နှစ်တာ ကာလပြည့်ဖို့ လပိုင်းသာလိုတော့တဲ့ အချိန်အထိ ရခိုင်ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့တာ၊ ရခိုင်ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ဝင်ရောက်ပြောဆိုပေးတာ ကာကွယ်ပေးတာတွေ ဘာတစ်ခုမှမရှိခဲ့ဘူးလို့တောင် ဆိုနိုင်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်လာတာဟာ (၂) နှစ်တာ ကာလကို ရောက်ရှိလာခဲ့သည့်တိုင်အောင် တိုက်ပွဲဟာ ရပ်စဲမသွားတဲ့အပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၂)ခု လောက်မှာ တိုက်ပွဲဖြစ်နေတာပါ။
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း နှစ်သိန်းကျော်ရှိနေပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီးကျဉ်များ ကျေးရွာအတွင်းသို့ ကျရောက်ခြင်းကြောင့် အသက်ပေးခဲ့ရတဲ့ပြည်သူတွေ ၊ မြေမြှုပ်မှိုင်းအန္တရာယ်ကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေ၊ ကျေးရွာများ မီးရှို့ခံနေရခြင်းတွေဟာ ရခိုင်လူထုတွေ နေ့စဉ်လို ခံစားနေကြရတာပါ။
(၄၊ ၉၊၂၀၂၀) ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသွားတာကို သတိထားမိလိုက်ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းဒေသမြို့နယ်တစ်ချို့နဲ့ “ဝ” ဒေသကမြို့နယ်နှစ်ခုကို ရွေးကောက်ပွဲပြု လုပ်ဖို့အတွက် လုံခြုံရေးအဆင်မပြေနိုင်ကြောင်း မြန်မာ့တပ်မတော်က နိုင်ငံတော်အစိုးရထံ အကြံပြုတင်ပြထားတယ်လို့ ရှင်းလင်းပြောကြားသွားတာကို တွေ့ရပါတယ်။
အဲဒီနေ့ညနေပိုင်းမှာပဲ နိုင်ငံတော်သမ္မတရုံးက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ယခုအချိန်အထိ (၅) မြို့နယ်သာ သေချာသေးကြောင်း၊ ကျန်တဲ့နေရာတွေအတွက်တော့ လောလောဆယ် မပြောနိုင်သေးကြောင်း ရှင်းလင်းခဲ့ပါတယ်။ တစ်ကယ်လို့သာ ဦးဇော်ဌေး ပြောသလိုမျိုး (၅) မြို့နယ်သာဖြစ်ခဲ့မယ်ဆိုရင် ရခိုင်ပြည်တောင်ပိုင်းက ဂွမြို့နယ်၊ သံတွဲမြို့နယ် ၊ တောင်ကုတ်မြို့နယ်နဲ့ ၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်တို့ပဲ ရှိမှာပါ။
အဲဒီ (၅) မြို့နယ်မှာ (၄) မြို့နယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရရှိခဲ့တဲ့ နေရာတွေလို့ ဆိုနိုင်ပါတယ်။ ရမ်းဗြဲတစ်မြို့သာ ရခိုင်ပါတီက အနိုင်ရခဲ့ပြီး တောင်ကုတ်မြို့နယ်မှာတော့ ရခိုင်ပါတီက တစ်နေရာသာ အနိုင်ရခဲ့ပါတယ်။
ရခိုင်ပြည် နယ်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်သလို ၂၀၁၂ ကတည်းကစလာတဲ့ မွတ်ဆလင်ပဋိပက္ခနဲ့ ၂၀၁၇ က မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အာဆာအဖွဲ့က ရဲကင်းစခန်းသုံးဆယ်ကျော်ကို ဝင်ရောက်တိုက်ခိုက်ရာကနေ မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တာကြောင့် မွတ်ဆလင်ခုနစ်သိန်းကျော် ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးက ရခိုင်အရေးကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ၂၀၁၈ မှာ စတင်ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခလည်း ရှိနေသလို မွတ်ဆလင်များနဲ့ ရခိုင်ပြည်သူအများအပြား နေရပ်စွန့်ခွာမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
စာရေးသူကတော့ ရခိုင်ပြည်နယ် နေရာအားလုံးကို ရွေးကောက်ပွဲ မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်လို့ သုံးသပ်မိပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဆင်းရဲမွဲတေမှုနဲ့ ရေတိုရေရှည် ဖြေရှင်းရမယ့် ကိစ္စများစွာ ရှိနေတယ်လို့ ဆိုရမှာပါ။ နှစ်ဘက်လက်နက်ကိုင်များအနေနဲ့လည်း တိုက်ပွဲကို ခဏရပ်ထားပြီး ရခိုင်ပြည်အတွင်း ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက် ကူညီကြဖို့လိုပါတယ်။ ဦးဇော်ဌေး ပြောသွားသလိုမျိုး ရခိုင်ပြည်တစ်ချို့နေရာတွေမှာ ရွေးကောက်ပွဲသာ မဖြစ်ခဲ့ဘူးဆိုရင် ရခိုင်ပြည်နယ်အတွင်း စစ်ဘောင်ပိုကျယ်လာနိုင်ပြီး နိုင်ငံရေးဘောင်ကျဉ်းသွားနိုင်ပါတယ်။
နောက်တစ်ချက်က ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်နှစ်ခုလုံးမှာ ရခိုင်လူထုကိုယ်စားပြုမှုအသံများ ပျောက်ကွယ်သွားပြီး ရခိုင်လူထုနဲ့ ၂၀၂၀ နောက်ပိုင်းတက်လာမယ့် ပြည်ထောင်စုအစိုးရကြား ယုံကြည်မှု ပိုမိုပျက်ပြယ်သွားနိုင်တယ်လို့ မြင်ပါတယ်။
မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာ ဖြစ်တဲ့အတွက် ဒီမိုကရေစီရဲ့ စံနှုန်းဖြစ်တဲ့ နိုင်ငံသားတိုင်း ပါဝင်ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်လည်း ပျောက်ဆုံးသွားပါမယ်။ ဒီလိုဆိုရင် အကျိုးဆက်ဟာ Voice of Citizen- VOC ကိုလည်း နောက်တက်လာမယ့် အစိုးရအနေနဲ့ ကြားနိုင်မှာ မဟုတ်တော့ပါဘူး။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပဋိပက္ခဟာ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တယ်လို့ဆို ရမှာပါ။ တန်းတူရေး၊ ဖယ်ဒရယ်အရေးနဲ့ တိုင်းရင်းသားဒေသများ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စီမံအုပ်ချုပ်ပိုင်ခွင့် စတဲ့ ဗမာဟုတ်တဲ့ တိုင်းရင်းသားများရဲ့ နိုင်ငံရေးလိုအပ်ချက်ကို ပေးအပ်ထားဖို့ လိုအပ်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရတွေဟာ တိုင်းရင်းသားများရဲ့ နိုင်ငံရေးလိုအပ်ချက်ကို မျက်ကွယ်ပြုပြီး ဗဟိုအစိုးရ တစ်ခုတည်းကသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအာဏာကို ကိုင်တွယ်ချယ်လှယ်ခဲ့မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးဟာ ဒီနေ့ထိ ရှင်သန်နေတာဖြစ်ပါတယ်။ မြန်မာ့လွပ်လပ်ရေးကို စုပေါင်းရယူဖို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကတိပြုလက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ပါအချက်များကို အစိုးရအဆက်ဆက် ချိုးဖောက်ပြီး တိုင်းရင်းသားများလိုလားတဲ့ နိုင်ငံရေးပုံစံကို မေ့ဖျောက်ထားခဲ့ကြတာပါ။
မြန်မာနိုင်ငံရဲ့ နှစ်ရှည်ကြာလာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကိုအဆုံးသတ်ပြီး နိုင်ငံရေးပဋိပက္ခကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကသာ အဖြေရှာနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေမှုကိုလျှော့ချနိုင်ဖို့ ပြည်တွင်းစစ်ကို ဖက်တွယ်ထားလို့ မရတော့ပါဘူး။ ပြည်တွင်းစစ်ကြောင့် ဒီမိုကရေစီစံနှုန်းတွေကို ပျက်စီးခံလို့လည်း မရနိုင်ပါဘူး။ ဒါကြောင့် ရခိုင်ပြည်နည်အတွင်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ကြဖို့လို အပ်ပါတယ်။ အထက်မှာ ကျနော်တင်ပြခဲ့သလိုပဲ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမရှိတော့ရင် စစ်ဘောင်က ပိုကျယ်လာတော့မှာပါ။
စစ်ဘောင်ကျယ်လာရင် လူထုနစ်နာမယ်၊ လူ့အခွင့်အရေးချိုးဖောက်ခံရမယ်၊ မလိုလားအပ်ဘဲ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ် ချုပ်နှောင်ခံနေကြရမယ်၊ ကျေးရွာတွေမီးရှို့ခံရမယ်၊ လူထုရဲ့ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတင်းစီးပွားရေးကအစ ပျက်စီးလာမယ်။ ဆင်းရဲမွဲတေမှုလည်း ပိုမိုမြင့်တက်လာမှာ သေချာပါတယ်။ ဆိုတော့ ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုမိုများပြားလာလေလေ၊ ပြည်ထောင်စု အစိုးရနဲ့ ရခိုင်လူမျိုးတွေကြား ယုံကြည်မှုပိုမို ပျက်ပြားလာလေလေ ဖြစ်လာမယ်ဆိုရင် ရခိုင်ပြည်တွင်းစစ်ပွဲဟာ လူမျိုးရေးအသွင်ဆောင်လာတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ထင်မြင်မိပါတယ်။
၂၀၁၉ မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝအပါအဝင် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ပြည်ထောင်စုအစိုးရက အင်တာနက်ပိတ်ခဲ့တာဟာ ရခိုင်ပြည်နယ်အတွင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အစိုးရက ပူးပေါင်းပါဝင်ပေးခဲ့တာလို့ မြင်ပါတယ်။ လူထုကိုယ်စားပြုအစိုးရအနေနဲ့ လူထုရဲ့အသံကို အစဉ်နားထောင်နေရမှာ ဖြစ်သလို လူထုလိုအပ်ချက်ကို အလေးထားနေရပါမယ်။ ဒီမိုကရေစီကိုမြတ်နိုးတဲ့ အစိုးရဖြစ်တဲ့အတွက် ဒီမိုကရေစီစံနှုန်းမှာ ပါဝင်တဲ့ သာတူညီမျှရှိမှု၊ နိုင်ငံရေးဆိုင်ရာ သည်းခံစိတ်ရှိမှု၊ တာဝန်ယူမှု၊ ထင်သာမြင်သာရှိမှုနဲ့ ပွင့်လင်းမြင်သာရှိမှု လူ့အခွင့်အရေး ထိမ်းသိမ်းကာကွယ်မှုတွေကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ၂၀၂၀ နောက်ပိုင်း တက်လာမယ့်အစိုးနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်ပိုင်ခွင့်တွေ၊ ဥပဒေပြုမှုတွေ၊ အခွင့်အရေးဆိုင်ရာ အရေးဆိုမှုတွေအတွက် ရခိုင်လူထုအများစုရဲ့ အခွင့်အရေးဆုံးရှုံးရမှာဖြစ်သလို လူတွေရဲ့စိတ်ပိုင်းဆိုင်ရာအရ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်တဲ့ဒေသနဲ့ မပြုလုပ်တဲ့ ဒေသတွေကြားက အားပြိုင်မှုသာ ဖြစ်လာခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ လုံးဝ ဖြေရှင်းရ ခက်သွားနိုင်ခြေ ရှိတာကိုလည်း လက်ရှိအစိုးရအနေနဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်အတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှာ အဓိကတာဝန်ရှိသလို ရခိုင်နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ရွေးကောက်ပွဲအရွေ့တစ်ခုအတွက် စုပေါင်းလုပ်ဆောင်ထားဖို့လည်း လိုအပ်ပါတယ်။ အစိုးရအနေနဲ့လည်း လူထုအကျိုးစီးပွားကို ဦးတည်ကာ လူထုလိုအပ်ချက်တွေနဲ့ ဒီမိုကရေစီရှင်သန်ရေးကို တာဝန်ခံနိုင်အောင် လက်နက်ကိုင်နှစ်ဘက်ကို ရွေးကောက်ပွဲမတိုင်ခင်မှာ တိုက်ပွဲတွေကို ခဏရပ်ထားဖို့ ပန်ကြားသင့်ပြီး လက်နက်ကိုင်နှစ်ဘက်ကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် ကြားဝင်စေ့စပ်ဖို့လိုအပ်တဲ့ အချိန်လို့ မြင်ပါတယ်။
မြန်မာ့တပ်မတော်အနေဖြင့်လည်း ရွေးကောက်ပွဲပြီးသည်အထိ ရခိုင်ပြည်နယ်ကို တစ်ဖက်သတ်အပစ်ရပ်စဲမှုမှာ ထည့်သွင်းထားသင့်ပြီး အပြန်အလှန် ယုံကြည်ရေးကို တည်ဆောက်ကြဖို့ လိုအပ်သလို နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာကို ပြန်လည်ရုပ်သိမ်းပြီး တွေ့ဆုံညှိနှိုင်းနိုင်ရေး လမ်းကြောင်းကို ဦးတည်လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ ထင်မြင်ယူဆမိပါတယ်။
မြန်မာနိုင်ငံဟာ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ဖို့ လိုအပ်သလို လက်နက်ကိုင်တော်လှန်ရေးဆိုတာလည်း နိုင်ငံရေးအယူအဆထဲက တစ်ခုဖြစ်ကြောင်း တစ်ကမ္ဘာလုံးက ယနေ့ထိ လက်ခံထားဆဲဖြစ်ပါတယ်။ နိုင်ငံရေး အယူအဆမတူတဲ့အခါ နိုင်ငံရေးဝါဒကွဲလွဲတဲ့အခါ မမျှတတဲ့ နိုင်ငံရေးစနစ်တွေ ကြီးထွားနေတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးဟာ ဖြစ်ပေါ်လာကြရတာပါပဲ။ မတူကွဲပြားတဲ့ အရာတွေကိုဖြေရှင်းဖို့ (နိုင်ငံရေးအရ) အင်အားပြိုင်ဆိုင်ကြခြင်းသာဖြစ်တယ် ဆိုတာကို လက်ခံကြဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီရှင်သန်နေဖို့ လိုအပ်သလို ဒီမိုကရေစီရှင်သန်ရေးအတွက် ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ပါတယ်။ ရခိုင်ပြည်ပဋိပက္ခကိုလျှော့ချနိုင်ဖို့၊ ယုံကြည်မှုတည်ဆောက်နိုင်ဖို့၊ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ဖို့နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လူထုအသံနဲ့ လူထုလိုအပ်ချက်တွေကို သိရှိနိုင်ဖို့ ရခိုင်တစ်ပြည်နယ်လုံး ရွေးကောက်ပွဲဖြစ်မြောက်ရေးဟာ အရေးတစ်ကြီးလိုအပ်ပါကြောင်း အကြံပြု သုံးသပ်လိုက်ရပါတယ်။