ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များ မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိနေ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များ မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိနေ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးချင်သော်လည်း အထောက်အထား တစ်စုံတစ်ရာမရှိသည့်အတွက် မဲပေးခွင့်ဆုံးရှုံးနေဦးမည်ဟု ရှမ်းစစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီဝင်တစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်း IDPs စစ်ရှောင်စခန်း ငါးခုနှင့် Refugee ဒုက္ခသည်စခန်း တစ်ခုရှိပြီး အဆိုပါစခန်းများရှိ ဒုက္ခသည်များမှာ နိုင်ငံသားအထောက်အထား တစ်စုံတစ်ရာ မရှိသည့်အတွက် မဲပေးနိုင်မည့်အလားအလာ မရှိသလောက်ဖြစ်နေသည်ဟု ကုန်းကျော် ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ၊ ရှမ်းစစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီ (ထိုင်း-မြန်မာနယ်စပ်) မှ ကော်မတီဝင်ဖြစ်သူ ဦးစိုင်းလင်းက ပြောသည်။

“ဒီကမ့်တွေမှာကျတော့ အများစုရှမ်းတွေက မှတ်ပုံတင်မရှိတာများတယ်။ ဘာလို့မရှိလဲဆိုတာက ရှမ်းတွေက တစ်ခြားလူမျိုးစုနဲ့ မတူတာက တောလက်ကျေးရွာမှာ အနေများတဲ့ရှမ်းတွေက ဗမာလိုမတတ်ဘူး။ ဗမာလိုမတတ်ဘူးဆိုတော့ မှတ်ပုံတင်ရဖို့က အတော်ကြီးကို ခက်ပါတယ်။ အဲဒါကြောင့်မို့လို့ မှတ်ပုံတင်တွေက အများစုမရှိဘူးပေါ့ မြန်မာမှတ်ပုံတင်မရှိဘူး။ မရှိဘူးဆိုတော့ ဘယ်လိုလုပ်မဲပေးရမလဲ။ မဲပေးဖို့ အလားအလာ လုံးဝမရှိဘူးဖြစ်တယ်” ဟု ၎င်းကပြောသည်။

အကယ်၍ ၎င်းတို့စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များအနေဖြင့် အထောက်အထား တစ်စုံတစ်ရာမရှိသော်လည်း မဲပေးခွင့်ရှိမည်ဆိုပါက မဲပေးသွားမည်ဟုဆိုသည်။

“တကယ်တမ်း အခြေအနေရှိရင်တော့ ပေးချင်တာပေါ့။ ကျွန်တော်တို့က ထိုင်းမှာလည်း မှတ်ပုံတင်မှမရှိပဲ။ ထိုင်းမှာလည်း မဲပေးခွင့်မရှိဘူး။ ရှမ်းပြည်မှာကတော့ ရွေးကောက်ပွဲရှိမယ်ဆိုလို့ရှိရင်တော့ တကယ်တမ်းကျတော့ မဲပေးချင်တဲ့ ဆန္ဒရှိတာပေါ့။ ဒါပေမယ့် အခုလက်ရှိကတော့ မဖြစ်နိုင်ဘူးလေ” ဟု ၎င်းကဆက်လက်ပြေသည်။

ထိုင်း-မြန်မာနယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင်စခန်း ၅ ခုမှာ ကောင်းမုမိန်း၊ လွယ်ဆမ် စစ် (ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်းနှင့် လွယ်ကော်ဝမ်းတို့ဖြစ်ပြီး ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည်စခန်းမှာ ကုန်းကျော်စခန်းဖြစ်သည်ဟု သိရသည်။

ထိုစခန်းခြောက်ခုရှိ လူဦးရေ ခြောက်ထောင့့်နှစ်ရာခန့်မှာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆုံးရှုံးမည့်အနေအထားတွင် ရှိနေသော်လည်း နိုင်ငံသားအထောက်အထားရှိပြီး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ရှမ်းရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ရရှစေရန် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ထိုင်းနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လုပ်ဆောင်နေသည်ဟု SNLD အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုင်းလိတ်က ပြောသည်။

“တရားဝင်လက်မှတ်တွေ ကိုင်ဆောင်ထားတဲ့ လူတွေအဖို့ပေါ့နော်။ အဲထဲက မဲထည့်ချင်တဲ့သူတွေကို ထိုင်းဘက်မှာရှိနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတစ်ချို့နဲ့ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ စာရင်းကောက်ပြီး သံရုံးကို ပေးဖို့ထားတာရှိတယ်။ အဲဒါ လူပေါင်း တစ်ထောင်နီးပါးလောက်ရှိတယ်”

လက်ရှိကောက်ယူရရှိထားသည့် စာရင်းများအားလုံး မဲထည့်ခွင့်ရရှိမည်ဆိုပါက အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အထောက်အထားရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ မဲထည့်နိုင်အောင် ထပ်မံ ကူညီလုပ်ဆောင်ပေးသွားရန်ရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံရှိ ရှမ်းရွှေပြောင်းအလုပ်သမားများနှင့် စစ်ဘေးရှောင်များ၏ မဲပေးခွင့်ဆုံးရှုံးမှုပမာဏမှာ အလွန်များပြားနေသည့်အတွက် လာမည့် အနာဂတ်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲဝင်မည့် ရှမ်းပါတီများအနေဖြင့် ရှမ်းရွှေပြောင်းအလုပ်သမားများနှင့် စစ်ဘေးရှောင်များ မဲပေးခွင့်ရရှိအောင် ကြိုတင်စီစဉ်လုပ်ဆောင်ထားပေးရန် ဦးစိုင်းလင်းက တိုက်တွန်းပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ အခက်အခဲအမျိုးမျိုးကြောင့် မဲပေးခွင့်မရရှိခဲ့ပေ။

သို့သော် စစ်ဘေးရှောင်များ မဲပေးခွင့်မရခဲ့သော်လည်း ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရှမ်းရွှေ့ပြောင်းအလုပ်သမားတချို့ မဲပေးခွင့်ရခဲ့သည်ဟု ရှမ်းစစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ထံမှသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...