ပြည်သူလူထုမျှော်မှန်းသည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက်ရုန်းကန်မည်ဟု ဒေါ်ရှားမီးပြော

ပြည်သူလူထုမျှော်မှန်းသည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက်ရုန်းကန်မည်ဟု ဒေါ်ရှားမီးပြော

၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီအနိုင်ရရှိပါက ပြည်သူလူထုမျှော်မှန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဆက်လက်ရုန်းကန်သွားမည်ဟု ကလေးမြို့နယ် NLD ပါတီဥက္ကဌ၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူက ပြောသည်။

 

“၂၀၂၀ မှာ ကျမကိုဆက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ ပြည်သူလူထုက သူတို့ရဲ့ တန်ဖိုးရှိတဲ့ဆန္ဒမဲနဲ့ ကျမတို့ကို ဆက်ပြီးတော့ ခိုင်းစေမယ်ဆိုလို့ရှိရင် ကလေးမြို့ကို ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် ပြည်သူလူထုအတွက် လုံခြုံမှုရှိတဲ့ ဥပဒေတွေ၊ ကျမတို့ NLD ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ပန်းတိုင်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပေဒ ပြင်ဆင်ရေးအတွက် လွှတ်တော်ကနေ ထမ်းဆောင်သွားဖို့ ရှိပါတယ်။ ပါတီရဲ့လမ်းညွှန်ချက်အတိုင်း တသွေမတိမ်းလိုက်နာပြီးတော့ ပြည်သူလူထု အလိုအပ်ဆုံးဖြစ်တဲ့ ၂၀၀၈ ပြင်ဆင်ရေးအတွက်လည်း ကျမတို့ ဆက်လက်ရုန်းကန်မယ်၊ ဒေသရဲ့ဖွံ့ဖြိုးရေးကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်ဖို့အားယူနေပါတယ်” ဟု လက်ရှိ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ရှားမီးကပြောသည်။

 

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကလေးမြို့နယ် မဲဆန္ဒနယ်မြေအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်ခဲ့စဉ် ဒေါ်ရှားမီးက အထင်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် အမျိူးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နေရာ နှစ်နေရာနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီပါတီ ၁၉ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သော စည်းကမ်းသတ်မှတ်ချက်နှင့်အညီ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးလျက်ရှိသော်လည်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု ပိုမိုမြင့်တက်လာပါက မဲဆွယ်စည်းရုံးရေးကို ရပ်ဆိုင်းသင့်လျှင် ရပ်ဆိုင်းသွားမည်ဟု တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်သန့်ဝေကျော်ကပြောသည်။

“ကျမတို့ မဲဆွယ်စည်းရုံးတဲ့အခါမှာ လူဉီးရေ ၅၀ လို့ သတ်မှတ်ထားပေမယ့် ဘယ်တော့မှ ၅၀ မပြည့်အောင် သတိထားတယ်၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာ နေလို့ရတဲ့နေရာမှန်သမျှတော့ ခပ်ခွာခွာနေပါတယ်။ ပထမ တစ်ပတ်ကို Door to Door စည်းရုံးရေးဆင်းဖို့ ဆွဲထားတယ်။ ဒါပေမယ့် ၉ ရက်နေ့မှာဘဲ အခြေအနေကပြောင်းသွားတယ်၊ Positive တစ်ယောက်တွေ့တဲ့သတင်းရတော့ ကျမတို့ခရီးစဉ်ကို တစ်မျိုးပြောင်းသင့်ပြီလားဆိုတာလည်း နေ့တိုင်းဆွေးနွေးတယ်။ ဒါပေမယ့်လည်း မြို့ရဲ့အခြေအ နေဟာ Postivie လူနာ ဒီထက်ပိုများလာခဲ့လို့ရှိရင် လုံးဝရပ်ဆိုင်းလိုက်မှာဖြစ်ပါတယ်” ဟု ဒေါ်သန့်ဝေကျော်ကပြောသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကလေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အတွက် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် ဦးကိုကိုနိုင်၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်သန့်ဝေကျော်၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၂) တွင် ဦးဘွဲဟုပ်ထန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာအတွက် ဒေါ်လာလ်ရင်မွန်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...