ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် ဖက်ဒရယ်စနစ်၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ကြမ္မာကို ကိုယ့်ဖန်တီးရေးဟူ၍ အဓိကမူဝါဒသုံးရပ်ကို အကောင်းအထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီပါတီကို တည်ထောင်ကတည်းက ဒီမူသုံးချက်ကို အဓိကကြိုးစားလုပ်နေတာ ဖြစ်တယ်” ဟု ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
၎င်းတို့ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ကျောကတော်မြို့နယ်တစ်ခုလုံးနှင့် ကျောက်ဖြူ ခရိုင်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ နောက် သံတွဲ၊ တောင်ကုတ်နှင့် ဂွအမျိုးသားလွှတ်တော်နေရာများတွင် ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးသုံးဦး၊ ၃၅ နှစ်အောက်လူငယ် သုံးဦးပါဝင်ပြီး အများအားဖြင့် လူလတ်ပိုင်းရွယ်များဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်လောင်းများ၏ အနိမ့်ဆုံးပညာအရည်အချင်းမှာ အလယ်တန်းအဆင့်ဖြစ်ကြောင်း သိရသည်။
ပါတီ၏ ရွေးကောက်ပွဲဆောင်းပုဒ်အနေဖြင့် “အဖရခိုင်ပြည်အတွက် စည်းလုံးကြ ရွှေဗျာလကို မဲပေးကြ” ဟူ၍ဖြစ်ပြီး ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ပါက အနိုင်ရရှိသည့်ဒေသများတွင် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးတို့ကို ငါးနှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးမျိုးကျော်က ဆက်လက်ပြောသည်။
ရွေးကောက်ပွဲတွင် ALD အနေဖြင့် အင်အားကြီးပါတီများဖြစ်သည့် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ထက် ရခိုင်အမျိုးသာပါတီနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။
ALD အနေဖြင့် ယခုအခါ ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များကြောင့် မဲဆွယ်စည်းရုံးအတွက် အခက်အခဲဖြစ်နေပြီး မဲဆွယ်ရေးလုပ်ငန်းများ မစတင်နိုင်သေးဘဲ ပါတီဝင်များအနေဖြင့် ကျန်းမာရေးအသိပညာပေးခြင်း ကိုဗစ်ကာလတွင် ခက်ခဲနေသည့်ပြည်သူများအား လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့နိုင်ရေးအတွက် အလှူခံခြင်း၊ ပြန်လည်လှူဒါန်းခြင်းများ ပြုလုပ်ရှိကြောင်း သိရသည်။
ALD သည် ရွေးကောက်ပွဲ အတွေ့အကြုံရင့်ပါတီတစ်ခုဖြစ်ပြီး မြန်မာ့နိုင်ငံရေးလောကတွင် နှစ်ပေါင်းသုံးဆယ်ကျော် ရပ်တည်လာသည့် ပါတီတစ်ခုဖြစ်ကာ ၁၉၉၀ ရွေးကောက်ပွဲဝင်ရောက်ခဲ့ပြီး ၁၁ နေရာ အနိုင်ရရှိခဲ့ကာ ယင်းအချိန်က ရွေးကောက်ပွဲတွင် တတိယနေရာအများဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ ၂၀၁၂ တွင် ပါတီအား တရားဝင်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၃ တွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ပေါင်းစည်းခဲ့ကာ ရခိုင်အမျိုးသားပါတီအဖြစ် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ပြီး နေရာအများအပြား အနိုင်ရရှိခဲ့သည်။
ထို့နောက် ၂၀၁၇ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီမှ ြန်လည်ခွဲထွက်ကာ ယခင်အမည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အမည်ဖြင့် တတိယအကြိမ်မှတ်ပုံတင်ခဲ့ပြီး လူသစ်တချို့ဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ထားခြင်းဖြစ်သည်။
လူသစ်များဖြင့် ပြန်လည်စုဖွဲ့ထားသည့် ALD အနေဖြင့် ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိရေး ရုံးကန်ရမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
လွှတ်တော်ထဲတွင် တပ်မတော်ပါဝင်မှုအပေါ် ကန့်ကွက်လျက်ရှိပြီး ရွေးကောက်ခံမဟုတ်ဘဲ ဖွဲ့စည်းပုံအရ လွှတ်တော်ထဲရှိနေသည့်အပေါ် ဝေဖန်မှုများပြုလျက်ရှိသည်။