နိုင်ငံရေးပါတီများဝင်ရောက်မဲဆွယ်ခြင်းအား လူဦးရေအကန့်အသတ်ဖြင့်သာခွင့်ပြုမည်ဟု ကချင်စစ်ရှောင်စခန်းများပြော

နိုင်ငံရေးပါတီများဝင်ရောက်မဲဆွယ်ခြင်းအား လူဦးရေအကန့်အသတ်ဖြင့်သာခွင့်ပြုမည်ဟု ကချင်စစ်ရှောင်စခန်းများပြော
by -
ခေါင်ညွယ် (KNG)

ကူးစက်နူန်းမြင့်မားနေသည့် ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံရေးပါတီများဝင်ရောက်မဲဆွယ်ခြင်းအား လူဦးရေအကန့်အသတ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများထံမှ သိရသည်။

 

လူဦးရေ ထူထပ်များပြားစွာနေသည့် စစ်ရှောင်စခန်းများတွင် ယခင် ၂၀၁၅ ရွေးကောက်ပွဲကကဲ့သို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ လူဦးရေအများဆုံး သုံးဦးခန့်သာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် (RC) စစ်ရှောင်စခန်းမှ တာဝန်ခံ ဦးဆောင်တိန့်က ပြောသည်။

 

“အရင်ကတော့ ကျွန်တော်တို့က အေးမြသာယာအခြေခံစာသင်ကျောင်းမှာ မဲထည့်ခဲ့တယ်။ ကိုဗစ်မဖြစ်ရင်တော့ ဒီစခန်းမှာ ကိုယ်တိုင်သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲလာယူတဲ့ ဟာမျိုးကိုလုပ်စေချင်တယ်။ ဒါပေမယ့် အခုက ရောဂါဖြစ်နေတဲ့တွက် လူအများကြီးဝင်လာတာမျိုးကျ အဆင်မပြေနိုင်ဘူး။ အဲကြောင့် အများဆုံး သုံးယောက်လောက်ဘဲဝင်ခွင့်ပြုနိုင်မယ်” ဟု စခန်းတာဝန်ခံ ဦးဆောင်တိန့်ကပြောသည်။

 

လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွက် စစ်ရှောင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးရန် မဲစာရင်းများအား စစ်ရှောင်စခန်းများတွင် သွားရောက်ကပ်ထားပေးရန်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားပြီးကြောင်း သိရသည်။

 

“ရောဂါကာလတွင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့တိုင်း လိုက်နာပြီး လာစေချင်တယ်။ ပြီးတော့ သူတို့လာမယ်ဆိုရင် လူအကန့်သတ်နဲ့ဘဲ လာခွင့်ပြုမယ်” ဟု ဂျန်မိုင်ကောင် (KBC) စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဆရာထွယ်အောင်ကပြောသည်။

 

ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်းပေါင်း ၈ဝ ကျော်ရှိကာ ကချင်အရပ်ဘက်အဖွဲ့စည်းများ၏ စစ်တမ်းအရ စစ်ရှောင်ပြည်သူစာရင်းသည် ၁ သိန်းကျော်ရှိကြောင်း သိရသည်။

 

သို့သော် လက်ရှိချိန်တွင် စစ်ရှောင်ပြည်သူများသည် မဲစာရင်းများကပ်ထားပေးသော်လည်း မဲစာရင်းကြည့်သူများနည်းပါးပြီး မဲပေးရန်စိတ်ဝင်စားမှုမရှိကြောင်း ဗန်းမော်မြို့နယ်ရှိ ရောဘတ်စစ်ရှောင်စခန်း တာဝန်ခံကပြောသည်။

 

ယခုကဲ့သို့ စစ်ရှောင်စခန်းများတွင် မဲဆွယ်ခြင်းများအား ယခင်ကဲ့သို့ လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်မရခြင်းသည် နိုင်ငံရေးပါတီများ၊တိုင်းရင်းသားပါတီများအတွက် များစွာ ဆုံးရှုံးမူများရှိနေကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးရွှေမင်းကဆိုသည်။

 

“ဒီဟာ ကျနော်တို့တွက် ခက်ခဲတစ်ခုဖြစ်နေတယ် ကျန်းမာရေးအခြေနေအရ လူစုလူဝေးနေရာတွေက တစ်ကယ်လည်း သွားလို့အဆင်မပြေဘူး။ ဒီဟာကိုလည်း ကျနော်တို့ ဆွေးနွေးချင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ကျ အဆင်ပြေနိုင်မယ့်အနေထားတွေ သိပ်မရှိဘူး။ အဲတော့ UEC နဲ့တွေ့ဖို့ကလည်း တော်တော်လေး ခက်ခဲဖြစ်နေတယ်။ ရောဂါဖြစ်နေတဲ့ချိန်ဖြစ်နေတော့ ပြီးတော့လည်း ဒီနှစ်လတာအတွင်းမှာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ အဲကြောင့် ဒီတစ်ခေါက်ရွေးကောက်ပွဲက တော်တော်လေးရုန်းရမယ့် အနေထားရှိနေတယ်” ဟု ၎င်းကပြောသည်။

 

ကချင်ပြည်နယ်တွင် မဲပေးခွင့်ရှိသည့် စစ်ရှောင်ပြည်သူ နှစ်သောင်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ၏ စာရင်းအရသိရသည်။

 

လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၁၉ ပါတီရှိပြီး မဲရုံပေါင်း ၈၉ ရုံရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...