ပါတီရုံးတွင် တိုင်းရင်းသားအလံများ လွှင့်ထူခဲ့သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ရွေးကောက်ပွဲကော်မရှင်၏ သတိပေးခြင်းခံရကြောင်း သိရသည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) အနေဖြင့် တိုင်းရင်းသားအလံများဖြစ်သည့် ကရင်နှင့် ပအိုဝ်းအလံများကို မွန်ပြည်နယ် သထုံမြို့နယ်ရှိ ၎င်းတို့ပါတီရုံးခွဲတွင်လွှင့်ထူခဲ့ရာ ထိုလွှင့်ထူမှုအပေါ် မွန်ပြည်နယ် ပအိုဝ်းနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ စက်တင်ဘာ ၁ ရက်တွင် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုင်တန်းမှုနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးပြီးနောက် စက်တင်ဘာ ၁၀ ရက်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲညှိနှိုင်းအစည်းအဝေးပွဲတွင် တက်ရောက်လာသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီအပါအဝင် ပါတီ ၁၇ ပါတီကို တိုင်းရင်းသားအလံများ ပါတီရုံးများ၌ လွှင့်ထူခြင်းကို ခွင့်မပြုကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အသိပေးပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဗဟိုအား ဆက်သွယ်မေးမြန်ခဲ့သော်လည်း ၎င်းမေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
"ပါတီတစ်ခုမှာ အထိမ်းအမှတ်အနေနဲ့ logo ရယ်၊ ပါတီအလံရယ်၊ အဲဒါတွေကိုပဲ နိုင်ငံရေးပါတီရဲ့ လုပ်ငန်းပိုင်းတွေမှာ အသုံးပြုရတယ်။ နောက်တစ်ခုက UEC ဘက်က ညွှန်ကြားချက်တွေထုတ်ပြန်ပြီးရင် နောက်ထပ်အမိန့်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်မှသာ ပါတီတွေအနေနဲ့ မသိလိုက်ရတာမဖြစ်မှာ။ မဟုတ်ရင် ခွင့်ပြုချက်ပေးပြီး စည်းကမ်းမသတ်မှတ်တော့ ရွေးကောက်ပွဲကမ်ပိန်းတွေ အလျင်စလိုလုပ်ရင် အခုလို အငြင်းပွားဖွယ်တွေဖြစ်နေဦးမှာပဲ" ဟု မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုး ဦးမျိုးမင်းလှိုင်က သုံးသပ်ပြောကြားသည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) သည် ဧရာဝတီ၊ မွန်၊ မကွေး၊ ကယား၊ ရှမ်းနှင့် မန္တလေးဟူသည့် တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် ကိုယ်စားလှယ်လောင်း ၁၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီဥက္ကဌ ဦးစိုးမောင်သည်လည်း ၄င်း၏ ဇာတိရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးစိုးမောင်သည် မြန်မာ့တပ်မတော်တွင် စစ်ဥပဒေချုပ်တာဝန်ထိ ထမ်းဆောင်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ကာ သမ္မတဦးသိန်းစိန်လက်ထက်တွင်လည်း သမ္မတရုံးဝန်ကြီး တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။
Published
Friday, September 11, 2020
တိုင်းရင်းသားအလံများလွှင့်ထူခဲ့သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ကို ရွေးကောက်ပွဲကော်မရှင် သတိပေး
မွန်ပြည်နယ်တွင်ရွေးကောက်ပွဲညှိနှိုင်းအစည်းအဝေးပွဲ စက်တင်ဘာ ၁၀ ရက်ကပြုလုပ်စဉ်