မွန်ပြည်နယ်တွင် မဲရုံ ၂၀ ကျော် ထပ်တိုးဖွင့်လှစ်ရန်စီစဉ်

မွန်ပြည်နယ်တွင် မဲရုံ ၂၀ ကျော် ထပ်တိုးဖွင့်လှစ်ရန်စီစဉ်
by -
ရန်လင်းအောင် (MNA)

ကိုဗစ်ဗိုင်းရပ်နှင့် ထပ်တိုးလာနိုင်သည့် မဲဆန္ဒရှင်စာရင်းများကြောင့် မွန်ပြည်နယ်တွင် မဲရုံ ၂၂ ရုံထပ်တိုးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

“လက်ရှိမဲစာရင်းက ထပ်ပြီးတိုးလာနိုင်တယ်။ ကိုဗစ်လည်းရှိနေတော့ လူဦး‌ရေ ၃၀၀၀ ကျော်သွားတဲ့မဲရုံတွေကို သက်ဆိုင်တဲ့ မြို့နယ်တွေဆီမှာ ရှိတဲ့မဲရုံတွေဆီ ပြန်ခွဲထုတ်တယ်။ လက်ရှိမှာက ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးတဲ့အချိန်မှာ မဲဆန္ဒရှင်ထပ်တိုးလာဖို့ရှိတဲ့အတွက် မဲရုံထပ်တိုးဖို့ ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယင်းတို့ ထပ်တိုးမည့် မဲရုံ ၂၂ ရုံအတွက် မဲရုံဝန်ထမ်းများနှင့် မဲရုံသုံးပစ္စည်းများကို လျာထားဆောင်ရွက်ထားပြီဖြစ်ကြောင်း ဦးဟိဏ်းလင်းထက်က ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေအရ မဲရုံတစ်ရုံကို လူဦးရေ ၃၀၀ နှင့် ၃၀၀၀ ကြား သတ်မှတ်ရမည်ဖြစ်ပြီး လက်ရှိ မဲရုံထပ်တိုးသည့် မဲရုံများက လူဦးရေ ၃၀၀၀ ကျော်လွန်သည့် သထုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ် စသည့် မြို့နယ်များမှ မဲရုံများ ဖြစ်ကြောင်းသည်။

“တစ်ချို့မဲရုံတွေက ၂၈၀၀ လောက်ရှိတယ် ပုံစံ ၃ နဲ့ ထပ်လျှောက်လာလို့ ၃၁၀၀ ဖြစ်သွားလို့ရှိရင် ဥပဒေအရ ၃၀၀၀ ကျော်ရင် မဲရုံခွဲပေးရတယ်။ အခုဖြစ်နေတဲ့ ကိုဗစ်ကြောင့်လည်း မဲရုံထပ်တိုးဖွင့်ပြီး မျှရမှာပေါ့” ဦးဟိဏ်းလင်းထက်က ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအား တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအပါအဝင် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၃၀၂ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ တစ်ဆယ့်ခုနစ်သိန်းခြောက်သောင်းကျော်တွင် ပထမဦးဆုံးမဲပေးမည့် လူငယ် နှစ်သိန်းကျော်၊ မသန်စွမ်း ၄၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၉၇၀ ဖွင့်လှစ်ရန်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...