NLD သို့ မသန်စွမ်းကိုယ်စားလှယ်လောင်းသုံးဦး အမည်တင်သွင်းခံသော်လည်း တစ်ဦးမှရွေးချယ်မခံရ

NLD သို့ မသန်စွမ်းကိုယ်စားလှယ်လောင်းသုံးဦး အမည်တင်သွင်းခံသော်လည်း တစ်ဦးမှရွေးချယ်မခံရ
by -
စောဇင်မောင် (Hintha)

၂၀၂၀ ရွေးကောက်ပွဲအတွက် NLD သို့ မသန်စွမ်းကိုယ်စားလှယ်လောင်း သုံးဦး စာရင်းတင်သွင်းခဲ့သော်လည်း တစ်ဦးမှ ရွေးချယ်မခံရကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းခွဲ (ဧရာဝတီတိုင်းဒေသကြီး) ဥက္ကဌ ဦးပြည့်စုံဝင်းချစ်ကပြောသည်။

 

အဆိုပါ မသန်စွမ်းသူများအသင်းခွဲအနေဖြင့် ဧရာတတီတိုင်းဒေသကြီးအတွက် မသန်စွမ်းလွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဝင်‌ရောက်ပြီး လွှတ်တော် လမ်းကြောင်းမှတဆင့် မသန်စွမ်းများ၏ အခွင့်အရေးများကို လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အား ကိုယ်စားလောင်းသုံးဦး၏အမည်စာရင်းတင်သွင်းခဲ့သော်လည်း ပါတီကရွေးချယ်ခြင်းမပြု လုပ်ခဲ့ကြောင်း သိရသည်။

 

"အခု ၂၀၂၀ အတွက်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ မသန်စွမ်းကိုယ်စားလှယ်လောင်း တစ်ယောက်မှ စာရင်းထဲမှာမပါလာတော့ စိတ်မကောင်းလည်းဖြစ်မိတယ်။ မသန်စွမ်းရေးတောင်းဆိုမှုတွေအတွက် အားနည်းသွားနိုင်တယ်" ဟု ဥက္ကဌ ဦးပြည့်စုံဝင်းချစ်ကပြောသည်။

 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ တနိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်း လွှတ်တော်ကိုယ်စားလှယ်သုံးဦးပါဝင်ခဲ့ပြီး ဧရာဝတီတိုင်းမှ တစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။

 

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက NLD ပါတီမှာ တနိုင်ငံလုံးအနေနဲ့မသန်စွမ်း လွှတ်တော်ကိုယ်စားလှယ် သုံးဦးအထိ ပါဝင်ခဲ့တယ်။ အဲဒီမှာဧရာဝတီကတစ်ယောက် ပါဝင်လာခဲ့တဲ့အတွက် သူ့ကို မသန်စွမ်းအရေး တောင်းဆိုတာ အကူအညီတောင်းရတာတွေရှိခဲ့တယ်။ သူကလည်းလွှတ်တော်ကနေတောင်းဆိုပေးခဲ့တော့ အဆင်ပြေတာတွေရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

 

ထို့ပြင် မသန်စွမ်းများအနေဖြင့် မဲရုံများတွင် မဲပေးရာတွင်အခက်အခဲများရှိနေပြီး မသန်စွမ်းသူ အများအပြားရှိသည့် မဲရုံများကို တိုးချဲ့ ဖွင့်လှစ်သင့်ကြောင်း ဦးပြည့်စုံဝင်းချစ်က အကြံပြုပြောခဲ့သည်။

 

"မသန်စွမ်းသူများတဲ့နေရာတွေမှာ ပိုထားသင့်ပါတယ်။ မျက်မမြင်သူတွေအတွက်ဆောင်ရွက်ပေးမဲ့ သူတွေရှိရင် ပိုကောင်းတယ်" ဟု ၎င်းက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...