နိုင်ငံသားဖြစ်ကြောင်း သက်သေခံအထောက်အထား တစ်စုံတစ်ရာမပြနိုင်သော ဌာနေတိုင်းရင်းသားများကို မဲပေးခွင့်ရရှိရေး မဲစာရင်းတွင် ထည့်သွင်းထားကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။
“ကျနော်တို့က လူဦးရေစာရင်း မဲစာရင်းပြုစုခြင်း စီမံချက်ထဲမှာ အချက်တစ်ချက်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ ဒေသခံ၊ ဘိုးဘွားစဉ်ဆက်ကတည်းကိုက အခြေချနေထိုင်လာတဲ့ တိုင်းရင်းသားတွေ။ သူတို့မှာတော့ အထောက်အထား မရှိတာတွေရှိတယ်။ အဲလိုလူမျိုးတွေဆိုရင် ကျနော်တို့ကတော့ မဲစာရင်းကောက်ယူတဲ့အခါ စာရင်းထဲထည့်သွင်းတယ်။ တစ်ခါတည်းလုပ်ပေးဖို့ စီမံချက်ထဲမှာ ပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော် ထိုသူများမှာ ဌာနေတိုင်းရင်းသားများသာ ဖြစ်ရမည်ဖြစ်ပြီး ဌာနေတိုင်းရင်းသား မဟုတ်သူများအတွက် ထိုမဲစာရင်း ကောက်ယူမှုသည် အကြုံးဝင်မည်မဟုတ်ကြောင်း ဦးထွန်းအောင်ခိုင်က ဆက်လက်ပြောသည်။
“သူတို့က ဘိုးဘွားအစဉ်အဆက် အခြေချနေထိုင်ခဲ့တဲ့ တိုင်းရင်းသားဖြစ်ဖို့လိုတယ်။ တိုင်းရင်းသားမဟုတ်တဲ့ အခြားလူတွေကိုဆိုရင်တော့ မရဘူး။ အဲလို တိုင်းရင်းသားတွေ အခြေချနေထိုင်သူတွေအတွက်ကတော့ ကျနော်တို့က ပါပြီးသားဖြစ်တယ်။ အထောက်အထားမရှိပေမယ့် ရတယ်” ဟု ၎င်းကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းနှင့် ပူတာအို စသည့် ခရိုင်လေးခုတွင် မဲစာရင်းကောက်ယူခဲ့ရာ နိုင်ငံသားဖြစ်ပါလျက် သက်သေအထောက်အထား တစ်စုံတစ်ရာမရှိသည့် မဲပေးခွင့်ရှိသူ ဌာနတိုင်းရင်းသားများကိုပါ မဲစာရင်းထည့်သွင်းကောက်ယူခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခွဲမှ တာဝန်ရှိသူက ပြောသည်။
သို့သော် အဆိုပါ ခရိုင်လေးခုအနက် ခရိုင်သုံးခုဖြစ်သည့် မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်အချို့မှာ ပြည်ထဲရေးဝန်ကြီးဌာနမှ အုပ်စုပျက်များဟု သတ်မှတ်ထားသည့်နေရာများ၊ လက်နက်ကိုင်အဖွဲ့အစည်းရှိသည့် နေရာများနှင့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် နေရာများအပြင် လုံခြုံရေးကန့်သတ်ချက်ရှိသည့် နေရာများအား မဲစာရင်းကောက်ခံနိုင်ခြင်းမရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခွဲမှ သိရသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁၁ သိန်းနီးပါးခန့်ရှိပြီးပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက မဲပေးနိုင်သူဦးရေ ရှစ်သိန်းခုနှစ်သောင်းဝန်းကျင်ရှိရာ ယခုနှစ်တွင် မဲပေးခွင့်ရှိသူဦးရေ နှစ်သိန်းနှစ်သောင်းခန့်တိုးလာကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခွဲမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။