ရွေးကောက်ပွဲမကျင်းနိုင်သည့် မဲဆန္ဒနယ်များကို လာမည့်အောက်တိုဘာလတွင် ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
အဆိုပါ ရွေးကောက်ပွဲမကျင်းနိုင်သည့် မဲဆန္ဒနယ်မြေများကို ပြီးခဲ့သည့် ရွေးကောက်ပွဲများကလည်း အောက်တိုဘာလထဲတွင် ကြောညာခဲ့သည့်နည်းတူ ယခုအခါလည်း အောက်တိုဘာလထဲတွင် ကြေညာနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
“ရွေးကောက်ပွဲမကျင်းပနိုင်တာကို ခါတိုင်းကလည်း အောက်တိုဘာလထဲမှာ ကြောညာခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် မကျင်းပနိုင်တဲ့ လွှတ်တော်မဲဆန္ဒနယ်ကို ရွှေ့ဆိုင်းတယ်ဆိုပြီးတော့ အောက်တိုဘာလမှာ ကြေညာပါတယ်။ အခုလည်း ကျွန်တော်တို့ အဲဒီလောက်အနေအထားမှာ အသိပေးကြောညာသွားမှာဖြစ်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် စက်တင်ဘာ ၂ ရက်ကပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်များကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၂၁၁ အုပ်စု၊ ကရင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်မှ ကျေးရွာအုပ်စု ၉၄ အုပ်စု၊ ပဲခူးတိုင်းဒေသကြီးမြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၁ အုပ်စု၊ မွန်ပြည်နယ်မြို့နယ် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ အုပ်စုနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တစ်ခုလုံးအနေဖြင့် ၇ မြို့နယ်နှင့် မြို့နယ် ၁၀ မြို့နယ်မှ ကျေးရွာအုပ်စု ၁၀၆ အုပ်စုတို့တွင် နယ်မြေတည်ငြိမ်အေးချမ်းခြင်းမရှိသဖြင့် ရွေးကောက်ပွဲများ ပြုလုပ်ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကော်မရှင်၏ အစီရင်ခံစာတွင်ဖော်ပြချက်အရ သိသည်။
ယခင်က ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ကချင်ပြည်နယ် မဲဆန္ဒနယ်တချို့တွင် နယ်မြေပြန်လည်တည်ငြိမ်လာသည့်အတွက် ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိသဖြင့် မဲစာရင်းပြုစုထားကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားထားသည်။
ထို့နည်းတူ ရှမ်းပြည်နယ်တွင်လည်း လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲပြုလုပ်လိုပါက ၎င်းတို့နှင့်ညှိနှိုင်းကာ ဆောင်ရွက်နိုင်ကြောင်း ၎င်းလက်နက်ကိုင်အဖွဲ့များမှ ပြောရေးဆိုခွင့်ရှိသူများ ပြောကြားထားရာ ရှမ်းပြည်နယ်တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေ ယခင်ထက် လျော့နည်းနိုင်ကြောင်း သိရသည်။
သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့များရှိ မဲဆန္ဒနယ်များတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရေးပဋိပက္ခကြောင့် နယ်မြေတည်ငြိမ်မှုမရှိကြောင်း သိရသည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပနိုင်ရန် ပြည်သူလွှတ်တော်မဲ ဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ဟူ၍ မဲဆန္ဒနယ်မြေများကို အပြည့်သတ်မှတ်ထားသည်။