ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် တရားဝင်လျှောက်ထားသည့် အရပ်ဘက်အဖွဲ့အစည်း ယနေ့အထိ မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ သိရသည်။
“စောင့်ကြည့်ခွင့်မှာ တစ်နိုင်ငံလုံး စောင့်ကြည့်လေ့လာခွင့် လျှောက်ထားမယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားရမယ်။ ခရိုင်၊ မြို့နယ်တစ်ခုမှာပဲ လေ့လာစောင့်ကြည့်မယ်ဆို စောင့်ကြည့်လေ့လာမယ်ဆိုရင် သက်ဆိုင်ရာခရိုင်၊ မြို့နယ်ကော်မရှင်မှာလျှောက်ထားရမယ်။ ဒါပေမဲ့ အခုအထိ လာရောက်စုံစမ်းတဲ့အဖွဲ့တွပဲရှိပြီး တရားဝင်လာရောက်လျှောက်ထားတဲ့အဖွဲ့တော့ မရှိသေးပါဘူး” ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲမူစောင့်ကြည့်လေ့လာရေး လျှောက်ထားလိုသူများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းသူများဖြစ်ရမည်ဖြစ်ပြီး အဖွဲ့စည်းမှတ်ပုံတင်ရှိရန် လိုအပ်သည်ဟုဆိုသည်။
သို့သော်လည်း ကချင်အရပ်ဘက်အဖွဲ့စည်းတစ်ခုဖြစ်သည့် Humanity Institute အနေဖြင့် ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရန် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။
Humanity Institute အနေဖြင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခွင့်ကို ယခုလ ဒုတိယအပတ်တွင် သွားရောက်လျှောက်ထားရန် လျာထားကြောင်း ၎င်းအဖွဲ့မှ စီမံကိန်းမန်နေဂျာ ဦးဇော်ဖန်းက ပြောသည်။
“ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ မြို့နယ်တိုင်းမှာ မရှိတဲ့တွက် ခရိုင်အလိုက်ဘဲစောင့်ကြည့်လေ့လာဖို့ရှိပါတယ်။ ခရိုင်တွေမှာရှိတဲ့ အရပ်ဘက်ဖွဲ့စည်းတွေ ပါဝင်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲစောင့်ကြည့်လိုသည့် အဖွဲ့စည်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်မရောက်မီ တစ်လအလိုထိ လာရောက်လျှောက်ထားခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် ၂၀၂ဝ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဝင်ပေါင်း ၁၉ ပါတီရှိပြီး မဲဆန္ဒရှင် ၁ဝ သိန်း ၈ သောင်းကျော်ရှိကာ မဲရုံပေါင်း ၈၉၀ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။