ကယားပြည်နယ် မဲဆန္ဒနယ်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကရင်အမျိုးသားပါတီစီစဉ်

ကယားပြည်နယ် မဲဆန္ဒနယ်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကရင်အမျိုးသားပါတီစီစဉ်
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်ဖားဆောင်းမြို့နယ်ရှိ မဲဆန္ဒနယ်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားပါတီ (KNP) မှ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက ပြောသည်။

“ကရင်အမျိုးသားပါတီဆိုတာ ကရင်အမျိုးသားရှိတဲ့နေရာတိုင်းမှာ ကျတော်တို့က ပါတီထူထောင်လို့ရတယ်။ ကယားပြည်နယ်မှာလည်း ကရင်လူမျိူးတွေရှိတယ်ဆိုတာ တွေ့ရတယ်။ သူတို့ကလည်း ကရင်အမျိုးသားပါတီတစ်ခုခုနဲ့ လုပ်ချင်တယ်ပေါ့။ အခုရွေးကောက်ပွဲမှာ ကယားပြည်နယ်မှာရှိတဲ့ ဖားဆောင်းမြို့နယ်ကနေပြီးတော့ သုံးနေရာဝင်ပြိုင်မယ်ဆိုပြီးတော့ စီစဉ်ထားတာရှိတယ်။ ကိုယ်စားလှယ်လောင်းအမည်တွေလည်း ရွေးကောက်ပွဲကော်မရှင်ကို အကုန်လုံးတင်ပြီးပြီ” ဟု မန်းကျော်ငြိမ်းကပြောသည်။

ဖားဆောင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) တွင် ကိုယ်စားလှယ်လောင်းတစ်ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) တွင် ကိုယ်စားလှယ်လောင်းတစ်ဦး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းတစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

KNP ပါတီမှ ကယားပြည်နယ် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ကရင်အမျိုးသားရေးလုပ်ရှားသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူကိုယ်တိုင် ရွေးချယ်ပေးထားခြင်းဖြစ်ကြောင်း မန်းကျော်ငြိမ်းက ဆက်လက်ပြောသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖားဆောင်းမြို့နယ်မှ KNP ကိုယ်စားလှယ်လောင်းများ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိဖို့မျှော်မှန်းထားသည်ဟုဆိုသည်။

“ကျွန်တော်တို့ကတော့ နေရာသုံးခုလုံးမှာနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဖားဆောင်းမြို့နယ်မှာ ကရင်လူဦးရေက ၆၀ ရာခိုင်နှုန်းလောက်ရှိမယ်လို့ထင်တယ်။ ဒါကြောင့် ကရင်အမျိုးသားစိတ်ဓတ်နဲ့ မဲပေးမယ်ဆိုရင်တော့ အခြေနေကောင်းပါတယ်” ဟု ၎င်းကဆက်ပြောသည်။

လက်ရှိမှာလည်း ကိုဗစ်ကာလဖြစ်နေသည့်အတွက် မဲဆွယ်ကာလတွင် စည်းရုံးရေးဆင်းရန် အခက်အခဲရှိနေပြီး လူမှုကွန်ယက်မှတဆင့် ကိုယ်စားလှယ်လောင်းတွေကို မိတ်ဆက်ပေးခြင်း၊ အိမ်တိုင်ရာရောက် ကွင်းဆင်းမိတ်ဆက်ခြင်း စသည့် ပြုလုပ်နေကြောင်း သိရသည်။

KNPအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဌာနေတိုင်းရင်းသားများ၏ မြေယာဆုံးရှုံးမှုများ၊ သယံဇာတခွဲဝေသုံးနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောဆာကပရူရှီးက ပြောသည်။

“ကျတော်တို့ဒေသခံတွေ ဌာနေတိုင်းရင်းသားတွေ နစ်နာဆုံးရှုံးတဲ့ မြေယာတို့ သယံဇာတတို့ အခုလောလောဆယ် မော်ချီးမှာ သယံဇာတနဲ့ပတ်သက်ပြီးတော့မှ ဌာနေတိုင်းရင်းသားတွေ အလူးအလဲခံနေရတာကိုး။ အဲဒါတွေအတွက် တိုက်ပွဲဝင်ရမှာပေါ့။ အကြီးအကျယ် မေးခွန်းထုတ်ရမှာပေါ့။ ဒါက တရားမျှတမှုမရှိဘူး။ ကျတော်တို့ ဌာနေတိုင်းရင်းသားတွေ နစ်နာတယ်။ ဒါကတော့ သတ္တရှိရှိချပြောရမှာပေါ့” ဟု ၎င်းကပြောသည်။

ကရင်အမျိုးသားပါတီအနေဖြင့် ကယားပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် သုံးနေရာဝင်ရောက်ယှဉ်ပြိုင်မည့်အပြင် ရန်ကုန်တိုင်းတွင် တစ်နေရာ၊ ဧရာဝတီတိုင်းတွင် ရှစ်နေရာ၊ ပဲခူးတိုင်းတွင် တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...