တိုင်းရင်းသားပါတီခြင်းပေါင်းစည်းမှုက ရည်ရွယ်ချက်ခြင်းမတူနိုင်သဖြင့် ပြန်လည်ပြိုကွဲနိုင်သည့်အန္ဒရာယ်ရှိကြောင်း နိုင်ငံရေးပါတီမှ ဦးဆောင်နေသူတစ်ချို့ ထောက်ပြခဲ့သည်။
တိုင်းရင်းသားပါတီများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာပြည်နယ်များတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီချင်းပေါင်းစည်းမှုများ ပြုလုပ်လျက်ရှိသည်။
"တိုင်းရင်းသားပါတီတွေ ဖွဲ့စည်းတယ်ဆိုပေမယ့် မခိုင်မာပါဘူး။ ဒါကကောင်းတယ်လို့လည်း မထင်ဘူး။ ဒါတွေကဘယ်လိုမှမဖြစ်နိုင်ဘူး။ အခုလက်တွဲပေမယ့် နောက်ပိုင်း ပြိုကွဲတာသွားတဲ့ သာဓကတွလည်း ရှိနေတာပဲ။ ဒါကြောင့် ပေါင်းစည်းတာကောင်းတယ်လို့ မထင်ပါဘူး" ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌပူကျင့်ရှင်းထန် ကပြောသည်။
တိုင်းရင်းသားပါတီချင်းပေါင်းစည်းမှုကို ကချင်၊ ကရင်၊ ရှမ်းနှင့် ချင်းပြည်နယ်များမှ နိုင်ငံရေးပါတီများက ပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဒေသခံပြည်သူများ၏ သဘောဆန္ဒများအရ ပေါင်းစည်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း နိုင်ငံရေးရည်ရွယ်ချက်မတူသည့်ပါတီမှ ဦးဆောင်သူများကြောင့် ရေရှည်လက်တွဲနိုင်ရေးမှာ စိန်ခေါ်မှုများ ရှိနေမည်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။
"သူတို့တွေ ပေါင်းစည်းခြင်းအားဖြင့် ပြည်နယ်အဆင့်က ပြည်ထောင်စုအဆင့်အထိ အဆင့်ဆင့်တက်သွားနိုင်မယ်လို့ယူဆပြီး ပေါင်းစည်းကြတယ်လို့မြင်တယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကိုတော့ သေချာဖို့တော့လိုမယ်။ မဟုတ်ရင်တော့ မတူရင် ကိုယ့်ပါတီအနေအထားနဲ့ပဲ ပြိုင်သင့်တယ့်လို့ယူဆပါတယ်" ဟု တိုင်းရင်းစည်းလုံးညီညွတ်ရေးပါတီ အတွင်းရေးမှူး ဦးသိန်းထွန်းကသုံးသပ်သည်။
ထို့ပြင် ပေါင်းစည်းထားသော တိုင်းရင်းသားပါတီများအနေဖြင့် အမျိုးသားရေးမူဝါဒများတွင် မတူကွဲပြားနေပြီး ထိုအချက်များက ပြန်လည်ပြိုကွဲနိုင်ခြေရှိကြောင်း တိုင်းလိုင် (ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ) မှ ဥက္ကဌ စိုင်းဌေးအောင်ထောက်ပြခဲ့သည်။
"ရည်ရွယ်ချက်၊ရည်မှန်းချက်တွေတူရင်တောင် ပြန်ကွဲသွားကြတာတွေရှိတယ်မလား။ အဲဒီတော့၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်ပါတီတွေပေါင်းစည်းမှု့က သာဓကပဲ။ အမြင်မတူတော့ အခုအထိ ပူးပေါင်းလို့မရတော့ဘူး။ အဓိကတော့ အမျိုးသားရေးဝါဒကြောင့် ပြန်ပြီးကွဲသွားတာနိုင်ပါတယ်" ဟု ၎င်းကပြောသည်။
နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် သြဂုတ် ၁၄ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ တွေ့ဆုံရာတွင် ကရင်ပါတီလေးခုပေါင်းစည်းထားသည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) မှ နာယကတစ်ဦးတက်ရောက်ခဲ့သဖြင့် ပါတီအတွင်းသဘောထားကွဲလွဲမှု တချို့ဖြစ်ပေါ်ခဲ့သေးသည်။