ကချင်ပြည်နယ်မဲစာရင်းတွင် မပါဝင်သင့်သူပါဝင်နေခြင်းနှင့် အချက်အလက်မှားခြင်းထက် အမည်မပါသူကပိုမိုများပြားနေ

ကချင်ပြည်နယ်မဲစာရင်းတွင် မပါဝင်သင့်သူပါဝင်နေခြင်းနှင့် အချက်အလက်မှားခြင်းထက် အမည်မပါသူကပိုမိုများပြားနေ

ကချင်ပြည်နယ် မဲဆန္ဒရှင်စာရင်းတွင် အမည်မပါသဖြင့်  ပုံစံ ၃ ဖြင့် လျှောက်ထားရသူပိုများပြားကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲမှ သိရသည်။ 

တနိုင်ငံလုံးအတိုင်ဖြင့် ပထမအကြိမ် ထုတ်ပြန်ကြေညာသည့် မဲစာရင်းကို ဇူလိုင် ၅ ရက်မှ သြဂုတ် ၁၄ ရက်အထိ ကပ်ထားကြေညာခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်တွင် မဲစာရင်းတွင် ပုံစံ (၃) ဖြင့်တောင်းဆိုသူ နှစ်သောင်းကျော်၊ ပုံစံ ၄ ဖြင့် တောင်းဆိုထားသူ တစ်သောင်းလေးထောင်၊ ပုံစံ ၄ (ဂ) ဖြင့်တောင်းဆိုသူ တစ်သောင်းခုနစ်ထောင်ခန့်ရှိရာ ပုံစံ ၃ ဖြင့်လျှောက်ထားသူ ပိုမိုများပြားနေခြင်းဖြစ်ကာ အထူးသဖြင့် မဲစာရင်းတွင် မပါဝင်သင့်သူ ပါဝင်နေခြင်းနှင့် အချက်အလက်မှားခြင်းထက် အမည်မပါသူက ပိုမိုများပြားနေခြင်းဖြစ်သည်။

“လက်ရှိချိန်မှာတောင်းဆိုတာတွေ ပယ်ဖျက်တာတွေရှိနေဆဲပါ။ အဲအထဲမှာ ပုံစံ ၃ နဲ့ တောင်းဆိုထားတာ ဒီနေ့ထိဆို နှစ်သောင်းကျော်ရှိနေပါပြီ” လို့ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) မှ အရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကပ်ထားသည့်ချိန်တွင် လာရောက်ကြည့်ကာ မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်းမရှိပါက ပုံစံ (၃)တောင်းယူဖြည့်စွက်ရမည်ဖြစ်ပြီး မဲစာရင်းတွင်ပါနေသူတစ်ဦးဦးအား ကန့်ကွက်လိုလျှင် ပုံစံ (၄) ဖြင့် ဖြည့်စွက်တင်ပြရမည်ဖြစ်ကာ မဲစာရင်းတွင်ပါနေသည့် အချက်လက်များ ပြင်ဆင်ရမည်ဆိုပါက ပုံစံ (၄-ဂ) ဖြင့် ဖြည့်စွက်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲ၌ မိမိအမည်မှန်ကန်စွာပါရှိမှသာ မဲပေးနိုင်မည်ဖြစ်ပြီး ဒုတ်တိယအကြိမ်မဲစာရင်းအား လာမည့်စက်တင်ဘာလတွင် ဒုတိယအကြိမ် ပြန်လည်ကြေညာမည်ဖြစ်ကာ ယင်းမဲစာရင်းများကိုလည်း ပြည်သူများအနေဖြင့် ထပ်မံ ကြည့်ရူစစ်ဆေးရန်လိုအပ်မည်ဖြစ်ကြောင်း အရာရှိဦးထွန်းအောင်ခိုင်က တိုက်တွန်းပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၂ဝ ရွေးကောက်ပွဲတွက် ပထမအကြိမ်မဲစာရင်းကြေညာပြီးချိန်တွင် ၂၀၁၅ ရွေးကောက်ပွဲမဲစာရင်းလာရောက်ကြည့်ရှုသူထက် ပိုများလာပြီး ရာခိုင်နှုန်းအားဖြင့် နှစ်ရာခိုင်နူန်းကျော်တိုးလာကြောင်း ၎င်းကဆက်လက်ပြောသည်။

ကချင်ပြည်နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီပေါင်း ၁၉ ပါတီရှိကာ လူဦးရေ ဆယ်သိန်းရှစ်သောင်းကျော်ရှိပြီး မဲရုံပေါင်း ၈၉၀ ဖွင့်လှစ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးမှသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...