မှတ်ပုံတင်မရှိသောပြည်သူများ မဲပေးပေးနိုင်ရန် မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးထင်ကျော်ကပြောသည်။
ရှမ်းပြည်နယ်၏ မဲစာရင်းတွင် နိုင်ငံသားစီစစ်ရေးကတ်ပြားနေရာတွင် ကွက်လပ်ဖြစ်နေသည့်လူဦးရေ ခုနစ်သိန်းကျော်ရှိပြီး ၎င်းတို့ကို ရွေးကောက်ပွဲမတိုင်မီ မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လ.၀.က ကို တွန်းအားပေးထားကာ အချိန်မီမထုတ်ပေးနိုင်ပါက ကျောင်းသားကတ်နှင့်ဖြစ်စေ၊ ယဉ်မောင်းလိုင်စင်နှင့်ဖြစ်စေ မဲခွင့်ပေးပြုရန်စီစဉ်ထားကာ ယင်းကတ်များမရှိပါကလည်း မဲဆန္ဒရှင် သက်သေခံလက်မှတ်ထုတ်ပေး၍ မဲပေးခွင့်ရရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“မှတ်ပုံတင်ကို ရွေးကောက်ပွဲအမှီ လုပ်မပေးနိုင်ရင် အခြားတစ်နည်း ကျွန်တော်တို့ စီစဉ်ထားတယ်။ လောလောဆယ် မှတ်ပုံတင်ကတ်လမရှိဘူးဆိုရင် ကျောင်းသားကတ်၊ ကြက်ခြေနီကတ်၊ အရံမီးသတ်ကတ်၊ ဝန်ထမ်းကတ်၊ ယာဉ်မောင်းလိုင်စင်ကတ် တစ်ခုခုရှိမယ်ဆိုရင် ရှိတဲ့ အထောက်အထားနဲ့ ကျွန်တော်တို့ မဲပေးပိုင်ခွင့်ရဖို့ စီစဉ်နေတယ်” ဟု ဦးထင်ကျော်ကပြောသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထုတ်ပေးရန်စီစဉ်နေသည့် မဲဆန္ဒရှင်သက်သေခံလက်မှတ်သည် မဲပေးရုံတွင်အသုံးပြုရမည့် လက်မှတ်တစ်ခုသာဖြစ်ပြီး မဲပေးပြီးလျှင် မည်သည့်နေရာမှ အသုံးပြု၍မရဘဲ ၎င်းသက်သေခံလက်မှတ် ပျက်ပျယ်သွားမည်ဖြစ်ကြောင်း သိရသည်။