အင်တာနက် အပြည့်အဝသုံးစွဲခွင့်မရသဖြင့် ကိုဗစ်ကာလ ဆိုရှယ်မီဒီယာအသုံးပြု၍ ပါတီစည်းရုံးရေးလုပ်ဆောင်ရန် အခက်အခဲတွေ့နေကြာင်း ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများကပြောသည်။
တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် အကန့်အသတ်များရှိလာရာ ရခိုင်အခြေစိုက်ပါတီများအနေဖြင့် ပါတီစည်းရုံးရေးကို အင်တာနက်အသုံးပြုလုပ်ဆောင်ရန် ရခိုင်ပြည်နယ် မြို့နယ်ခုနစ်မြို့နယ်တွင် 2G သာရရှိသဖြင့် ခက်ခဲနေသည်ဟုဆိုသည်။
“အင်တာနက်ဖွင့်ပေးလိုက်ပြီဆိုတာ နာမည်ပဲရှိတယ်။ 2G ဆိုတော့ ဘယ်လိုမှ အင်တာနက်ကို ကောင်းကောင်းမွန်မွန် သုံးလို့မရနိုင်ဘူး။ ဒါကြောင့် မဲဆွယ်စည်းရုံးဖို့ အင်တာနက်ကို အသုံးပြုဖို့က အလွန်တရာခက်ခဲပါတယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်ကပြောသည်။
လက်ရှိဖွင့်ပေးထားသည့် 2 G အင်တာနက်ဖြင့် Email၊ SMS နှင့် Website များအသုံးပြုရန် အလွန်ခက်ခဲနေပြီး ၁၀ တန်းအောင်စာရင်းများ ကြည့်ရှုရာတွင် အဆင်မပြေခဲ့ကြောင်းနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် အင်တာနက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် နဂိုမူလ အင်တာနက်ဖြတ်တောက်ခဲ့သည့်အခြေအနေနှင့် မထူးခြားကြောင်း အရပ်ဘက်အဖွဲ့အစည်း ၃၀ က ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ 2G အင်တာနက်သာရရှိသည့် မြို့နယ်များတွင် ပါတီစည်းရုံးရေးလုပ်ငန်းများ၊ မူဝါဒများကို အွန်းလိုင်းမှတစ်ဆင့် ဖော်ပြရာတွင် အခက်အခဲများရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေကဆိုသည်။
“ကျွန်တော်တို့အနေနဲ့က ပြည်သူလူထုသိအောင် အွန်လိုင်းကပဲ တစ်ဆင့်သွားမယ်ပေါ့။ ပါတီမူဝါဒတွေကို ဖော်ပြပေးမယ်။ အွန်လိုင်းကနေ တင်မယ်၊ အွန်လိုင်းမရတဲ့နေရာတွေကျတော့ မရောက်နိုင်ဘူး။ အဲဒါကတော့ လူတွေကနေတစ်ဆင့် လက်ကမ်းစာစောင်တွေ ပေးသွားဖို့ရှိတယ်။ အိမ်တိုင်ရာရောက်ပေါ့” ဟု ၎င်းကပြောသည်။
ရခိုင်တွင် သြဂုတ် ၁၆ ရက်နေ့မှစ၍ သြဂုတ် ၂၈ ရက် မနက်ပိုင်းအထိ ရောဂါပိုးတွေ့ရှိသူ ၂၁၇ ဦးရှိပြီး စစ်တွေမြို့နယ်မှ ၁၃၇ ဦး၊ မြောက်ဦးမြို့နယ်မှ ၁၄ ဦး၊ သံတွဲမြို့နယ်မှ နှစ်ဦး၊ ဘူးသီးတောင်မြို့နယ်မှ ခြောက်ဦး၊ ပေါက်တောမြို့နယ်မှ ၁၄ ဦး၊ ကျောက်ဖြူမြို့နယ်မှ ခုနစ်ဦး၊ မောင်တောမြို့နယ်မှ ၁၉ ဦး၊ မြေပုံမြို့နယ်မှ ခြောက်ဦး၊ မင်းပြားမြို့နယ်မှ ငါးဦး၊ ကျောက်တော်မြို့နယ်မှ ခြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ တစ်ဦးတို့ဖြစ်သည်။