ပြည်ထဲ‌ရေးဌာန၏စာကြောင့် မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ပွဲဝင်ခွင့်ဆုံးရှုံး

ပြည်ထဲ‌ရေးဌာန၏စာကြောင့် မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ပွဲဝင်ခွင့်ဆုံးရှုံး
by -
ရန်လင်းအောင် (MNA)

ပြည်ထဲရေးဌာနက ပေးပို့သောစာအရ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးကောက်ပွဲကော်မရှင်က အမည်စာရင်းမှ ဖယ်ရှားခဲ့ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ဦးမောင်မောင်ဆိုသူဖြစ်ပြီး ၎င်းအား ကော်မရှင်က သြဂုတ် ၂၆ ရက်တွင် ခေါ်ယူတွေ့ဆုံကာ အမည်စာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းစိစစ်မှုကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကန့်ကွက်မှုမရှိခဲ့သော်လည်း ပြည်ထဲရေးဌာနက ပေးပို့သောစာအရ  ထိုလွှတ်တော်ကိုယ်စားလှယ်လောင်းမွေးဖွားစဉ် မိဘနှစ်ပါးသည် နိုင်ငံသားမဖြစ်သေးကြောင်း သိရသည့်အတွက် အမည်စာရင်းမှ ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်‌ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ဘာကြောင့်ပယ်ဖျက်ရလည်းဆိုတော့ သူမွေးဖွားတဲ့အချိန်မှာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်ဘူး။ ဒါနဲ့ ညိစွန်းတဲ့အတွက်ကြောင့် သက်ဆိုင်တဲ့ခရိုင်ကော်မရှင်က ကာယကံရှင်ကိုခေါ်ယူရှင်းပြပြီး ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

ယခုလိုလုပ်ဆောင်ခြင်းသည် ကော်မရှင်အနေဖြင့်  ဥပဒေကိုကျော်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလောင်းအဖြစ်မှ ပယ်ဖျက်ခံလိုက်ရသည့် ဦးမောင်မောင်ကပြောသည်။

“ကျွန်တော်ကို ၁၂ ရက်နေ့က စုံခုံစစ်တယ်။ လဝက ဦးစီးလည်းပါတယ်။ အဲဒီအချိန်က ကန့်ကွက်လိုက်ပါလားဗျာ။ အဲဒီအချိန်ကတည်းက မညီဘူးပြောလိုက်ပါလားဗျာ။ လဝက ဦးစီးတစ်ယောက်လုံးပါနေတာ။ အခုက ရက်တွေလည်းကြာပြီးမှ  ကျွန်တော်အယူခံဝင်ရမဲ့ရက်တွေလည်း လွန်ခဲ့ပြီ ဒီအချိန်မှာကပ်ပြီး လုပ်တာက ဥပဒေဘောင်ကျော်တယ် ” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်းအမည်စာရင်း ၃၀၆ ဦး တင်သွင်းရာ သုံးဦးက အမည်စာရင်းရုတ်သိမ်းလွှာတင်ခဲ့ပြီး ယခုအခါ တစ်ဦးကို ထပ်မံပယ်ဖျက်ခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ကျန်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလောင်းများ၏ နောက်ကြောင်းများကို လ.ဝ.က၊ စသုံးလုံး၊ SP တို့ထံမှ ရယူခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလောင်းအဖြစ် မကြေညာခင်အချိန်ထိ စိစစ်ခြင်းဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပါကလည်း ဥပဒေနှင့်မညီပါက ပြန်လည်ပယ်ဖျက်နိုင်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ဆက်လက်ပြောသည်။

“သက်ဆိုင်ရာ လ.ဝ.က၊ စ သုံးလုံး တို့ SP တို့က နောက်ကြောင်းရာဇဝင်လိုက်တယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်တွေကို သူတို့ဆီက ရယူတာဖြစ်ပါတယ်။ သူတို့ရဲ့ အချက်အလက်ကို ပြည်ထဲရေးကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပို့တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သက်ဆိုင်တဲ့ခရိုင်ကိုပို့ပါတယ်။ အဲလိုရရှိလာတဲ့ အချက်အလက်တွေနဲ့ ပြန်စိစစ်ပါတယ်။ကိုယ်စားလှယ်ဖြစ်ပြီးသွားရင်တောင်မှ ဥပဒေနဲ့မညီညွှတ်ရင် ပယ်လို့ရတယ်” ဟု ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလောင်း အမည်စာရင်းပယ်ဖျက်ခံရသည့် ဦးမောင်မောင်သည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင် တစ်ဦးဖြစ်ပြီး NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ခဲ့သော်လည်း ရွေးချယ်မခံရသဖြင့် ပြီးခဲ့သည့်ဇွန်လက ပါတီမှနှုတ်ထွက်ကာ တစ်သီးပုဂ္ဂလကိုယ်စားလယ်လောင်းအဖြစ် ကော်မရှင်တွင် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...