ကိုဗစ်ကြောင့် ကန့်သတ်ချက်များရှိနေချိန် ရွေးကောက်ပွဲမဲဆွယ်ခြင်းကို ဥပဒေပါကာလအတိုင်း လုပ်ဆောင်မည်ဟု USDP မှ ကယားပြည်နယ်ကော်မတီဝင် ဦးတင်ဦးပြော

ကိုဗစ်ကြောင့် ကန့်သတ်ချက်များရှိနေချိန် ရွေးကောက်ပွဲမဲဆွယ်ခြင်းကို ဥပဒေပါကာလအတိုင်း လုပ်ဆောင်မည်ဟု USDP မှ ကယားပြည်နယ်ကော်မတီဝင် ဦးတင်ဦးပြော
by -
နော်ဒွေးအယ်ခူ (KT)

ကိုဗစ်ဗိုင်းရပ်ကြောင့် လူစုလူဝေးမပြုလုပ်ရန် ကန့်သတ်ချက်များရှိနေချိန် ရွေးကောက်ပွဲမဲဆွယ်ခြင်းကို ကော်မရှင်ကထုတ်ပြန်သည့်ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကာလအတိုင်း လုပ်ဆောင်မည်ဟု ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်နယ်ကော်မတီဝင် ဦးတင်ဦးကပြောသည်။

“ရွေးကောက်ပွဲကာလက စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိဆိုရင် စည်းရုံးရေးကာလပေါ့။ အဲ့ကာလမှာလည်း ပါတီအချင်းချင်း သဘောတူညီချက်ဖြစ်တဲ့ Code of Conduct ရှိတယ်။ နောက်ပြီး ကော်မရှင်ကထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေရှိတယ်။ ဒီကာလအတိုင်း စည်ရုံးရေးလုပ်ဆောင်သွားမယ်” ဟု ၎င်းကပြောသည်။

အဆိုပါကာလအတိုင်း မဲဆွယ်စည်းရုံးခွင့်ကို ကော်မရှင်အနေဖြင့် ပေးမည်ဆိုပါက ပြသနာမရှိသော်လည်း အထူးသဖြင့် ကိုဗစ်ဗိုင်းရပ်စ် အကြောင်းပြတားမြစ်ပါက မှန်ကန်မည်မဟုတ်ကြောင်းနှင့် ထိုဗိုင်းရပ်စ်ပြသနာသည် မြန်မာတစ်နိုင်ငံထဲ တွေ့ကြုံနေရသည့်ကိစ္စမဟုတ်ဘဲ တစ်ကမ္ဘလုံးဆိုင်ရာကိစ္စဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“မဲဆွယ်စည်းရုံးရေးကာလအတိုင်း ကျွန်တော်တို့ကို ခွင့်ပြုမယ်ဆိုရင်တော့ သိပ်ပြဿနာမရှိဘူးပေါ့။ တစ်နည်းအားဖြင့် ကိုဗစ်ဖြစ်ပေါ်နေတဲ့အပေါ် အကြောင်းပြချက်လို့ပြောရင်လည်း မဟုတ်သေးဘူး။ ဒါက တစ်ကမ္ဘာလုံးဖြစ်တဲ့ကိစ္စဆိုတော့။ ပြီးတော့ တစ်ဖက်လည်း သူတို့ထုတ်တဲ့အမိန့်တွေက တစ်ဖက်သတ်တွေဖြစ်နေတယ်။ ဒါလေးတွေကိုတော့ စိုးရိမ်တယ်” ဟု ဦးတင်ဦးက ပြောသည်။

ထို့ပြင် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမပြုလုပ်ရန် ကန့်သတ်ချက်များရှိနေချိန် အစိုးရအဖွဲ့ကို စည်းရုံးခွင့်ပေးထားပြီး ကျန်သည့်ပါတီများကို ကော်မရှင်ကခွင့်မပြုသဖြင့် ကော်မရှင်အနေဖြင့် သမာသမတ်မရှိကြောင်း ၎င်းက စွပ်စွဲပြောဆိုသည်။

၎င်းအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ယခုလိုပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦးသည်  အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်အရွေးချယ်ခံသူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသည့် ရွေးကောက်တင်မြှောက်ပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ဇူလိုင် ၁ ရက်မှစ၍ ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံး‌ရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ရှေ့ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်တို့သည်လည်း အထွေထွေရွေးကောက်ပွဲဝင်ရောက်သူဖြစ်ပါက  ဇူလိုင် ၁ ရက်မှစ၍ ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးသည့်နောက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“သူတို့ထုတ်ပြန်လိုက်တဲ့အမိန့်တွေကို ကြည့်လိုက်မယ်ဆိုရင် ဘက်လိုက်မှုရှိတယ်ဆိုတာ မပြောလည်း သိသာပါတယ်” ဟု အထက်ပါထုတ်ပြန်ချက်ကို ရည်ရွယ်၍ ဦးတင်ဦးကပြောသည်။

သို့သော် ၎င်းထုတ်ပြန်ချက်သည် အထက်ပါပုဂ္ဂိုလ်များကို ပါတီလုပ်ငန်းအား ဝင်ရောက်လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ကို ပေးမထားပေ။

ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်၍ ဦးတင်ဦးက “ရွေးကောက်ပွဲကော်မရှင်ဆိုတာက လက်ရှိအုပ်ချုပ်တဲ့အစိုးရကနေ ခန့်ထားတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် အစိုးရရဲ့လက်အောက်မှာပဲရှိတယ်။ အရင်သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း ဖွဲ့ခဲ့တယ်။ သို့သော်လည်း တရားမျှတမှုရှိတယ် မရှိဘူးဆိုတာတော့ အရင်ကော်မရှင်နဲ့ အခုကော်မရှင် နှစ်ခုကိုယှဉ်ကြည့်လိုက်ရင် အများကြီးသိသာပါတယ်။ လက်ရှိ ကော်မရှင် ခရိုင် မြို့နယ် အဆင့်ဆင့်ဖွဲ့ထားပေမယ့် ယုံကြည်ရလားလို့မေးတော့လည်း ကျတော်တို့ကတော့ မယုံကြည်ရဘူးလို့ ဖြေချင်ပါတယ်” ဟု ဦးတင်ဦးကပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် USDP အနေဖြင့် ကယားပြည်နယ် မြို့နယ်ခုနစ်မြို့နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၃၄ နေရာအနက် USDP ကတော့ ခုနစ်နေရာ အနိုင်ရရှိခဲ့သည်။

USDP သည် ကယားပြည်နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်လောင်းများက သုံးသပ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...