အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပေါ် ရဲဝံ့စွာလုပ်ဆောင်မည့် ကရင်ပါတီများကို ကရင်လူငယ်ကွန်ရက် ဝန်းရံဖို့ရှိ

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပေါ် ရဲဝံ့စွာလုပ်ဆောင်မည့် ကရင်ပါတီများကို ကရင်လူငယ်ကွန်ရက် ဝန်းရံဖို့ရှိ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပေါ် ရဲဝံ့စွာ ရပ်တည်လုပ်ဆောင်မည့် ကရင်ပါတီများကို ၂၀၂၀ ရွေးကောက်ပွဲတွင် ဝန်းရံသွားမည်ဟု ကရင်လူ ငယ်ကွန်ရက် (KYN) အတွင်းရေးမှူးအဖွဲ့ဝင် စောကျော်လင်းပြောသည်။

“ပါတီတွေရဲ့ မူဝါဒတွေ လမ်းစဉ်တွေဟာ ကျွန်တော်တို့ ကရင်လူငယ်တွေရဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီမှ ကျနော်တို့ ဝန်းရံသွားမယ်။ ကျနော်တို့ ကရင်လူငယ်ရပ်တည်ချက်နဲ့ ကိုက်ညီမယ့်ဟာတွေကို ကျနော်တို့ တတ်နိုင်တဲ့ဖက်ကနေပြီးတော့ ကရင်လူငယ်တွေ ကိုယ့်ဒေသအလိုက် ပံ့ပိုးပေးသွားမယ်” ဟု ၎င်းက ပြောသည်။

ကရင်လူငယ်ကွန်ရက်၏ဒုတိယအကြိမ် အစည်းအဝေးကို  သြဂုတ် ၁၉ ရက်နေ့မှ ၂၁ ရက် အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းတို့ ရပ်တည်ချက်နှင့် နိုင်ငံရေးမျှော်မှန်းအဖြစ် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ ကရင်အမျိုးသားထုတစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သော အမျိုးသားစည်းလုံးညီညွှတ်ရေး၊ လူမှုဘဝသာယာဝပြောရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးတို့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအချက်များအပေါ် ရဲဝံ့စွာ ရပ်တည်လုပ်ဆောင်မည့် ကရင်နိုင်ငံရေးပါတီများကို ကရင်လူငယ်ကွန်ရက်အနေဖြင့် ဝန်းရံသွားမည်ဖြစ်ပြီး ရပ်တည်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီများကို ဝန်းရံသွားမည်မဟုတ်ကြောင်း KYN ကပြောသည်။

ထို့ပြင် ကရင်ပါတီများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရေး ကြိုးစားမှုအပေါ် အခြေအနေအရပ်ရပ်ကြောင့် ကရင်ပါတီများ မပေါင်းစည်းနိုင်သော်လည်း မဲဆန္ဒနယ် မထပ်ရေးကတိကဝတ်ကို စောင့်စည်းထိန်းသိမ်းသော ကရင်ပါတီများကိုသာ ကရင်လူငယ်ကွန်ရက်မှ ပံ့ပိုးကူညီပေးမည်ဖြစ်သည်ဟု KYN က ပြောသည်။

စောကျော်လင်းက “ကျွန်တော်တို့ ကရင်လူငယ်ရပ်တည်ချက်နဲ့ ကိုက်ညီမယ့်ဟာတွေကို ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ ကရင်လူငယ်တွေ ကိုယ့်ဒေသအလိုက် ပံ့ပိုးပေးသွားမယ်။ ဥပမာ မီဒီယာကနေတစ်ဆင့် stimulation လုပ်ပေးတာတို့၊ ဒါမှမဟုတ်အပြင်မှာ ပါတီနောက်လိုက်ပြီးတော့ မဲဆွယ်လှုပ်ရှားတာတို့၊ အဲလိုမျိုးလုပ်ပေးဖို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်” ဟု ပြောသည်။

ကရင်လူငယ်ကွန်ရက် အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ပတ်သက်၍ များစွာမျှော်လင့်မထားသော်လည်း ၂၀၂၀ အလွန်တွင် တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးစားပေးလုပ်ဆောင်မည့် အစိုးရသစ်ကို လိုလားလျက်ရှိသည်ဟု ဆိုသည်။

“ကျနော်တို့ လူငယ်တွေမျှော်လင့်တာကတော့ အမျိုးသားအရေးအရ တန်းတူအခွင့်အရေးရဖို့ ပြီးတော့ ကျနော်တို့ ပြည်ထောင်စုအတွင်းမှာရှိတဲ့ ပြည်သူတွေအားလုံးဟာ ကျောသားရင်သား မခွဲခြားပဲနဲ့ တန်းတူအခွင့်အရေးရရှိဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အဲလိုမျိုးပေါ့ အတူတကွရရှိဖို့ ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့ အထူးသဖြင့် ကျနော်တို့ ကရင်တွေဆိုရင်တော့ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ရဲ့ ဒဏ်ကို ခံနေရတဲ့အခါကျတော့ ဒီစစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေရရှိဖို့ ဦးဆောင်တဲ့ပါတီတွေ၊ အစိုးရတွေကိုတော့ ကျနော်တို့ လူငယ်တွေအနေနဲ့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...