ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းလျှောက်ထားမှု ပယ်ချခံရသည့် ကရင်လူငယ် စောအဲဘတ်ချို၏အယူခံ တိုင်းဒေသကြီးကောက်ပွဲကော်မရှင်တွင် အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အယူခံအောင်မြင်သဖြင့် စောအဲဘတ်ချိုသည် လွှတ်တော်ကိုယ်စားလောင်းအဖြစ် တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
စောအဲဘတ်ချိုသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် ယခင်နေထိုင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်သို့ အိမ်ထောင်စုစာရင်း ပုံစံ ၁၀ ပြောင်းရွှေ့ပြီး ကိုယ်စားလှယ်လောင်းလျှောက်ထားရာ ဖခင်အမည်မှားယွင်းနေသဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက လျှောက်ထားမှုကိုပယ်ချရန် ဆုံးဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စောအဲဘတ်ချိုသည် ရန်ကုန်တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲသို့ အယူခံတင်သွင်းခဲ့ရာ ခရိုင်ကော်မရှင်၏ ဆုံးဖြတ်ချက်ကိုပယ်ဖျက်ခဲ့ပြီး စောအဲဘတ်ချိုကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တိုင်းဒေသကြီးကော်မရှင်က ပြန်လည်လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဖေနာမည်မှားလို့ ခရိုင်ကော်မရှင်က ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကို ပယ်ချလိုက်တယ်။ ကျနော်က တိုင်းကော်မရှင်ကို အယူခံတင်တယ်၊ မနေ့ နေ့လည် (ဩဂုတ် ၂၀) မှာ ခရိုင်ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို တိုင်းကပယ်ဖျက်ပေးပြီး ကျနော်ကိုယ်စားလှယ်လောင်း လျှောက်ထားမှုကို လက်ခံလိုက်တယ်” ဟု စောအဲဘတ်ချိုက ပြောသည်။
၎င်းသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က ကျရောက်သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ကို ဒေါ် နော်အုန်းလှ၊ ကိုစသိန်းဇော်မင်းတို့နှင့်အတူ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့၌ ဦးဆောင်ကျင်းပခဲ့သဖြင့် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် ထောင် ၁၅ ရက်ချမှတ်ခြင်းကို ခံခဲ့ရဖူးသည်။
စောအဲဘတ်ချိုသည် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျားအောက်ကျေးရွာဇာတိဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ပြီးနောက် အင်းစိန် ကရင်နှစ်ခြင်းကျမ်းစာကျောင်း တက်ရောက်ခဲ့ပြီး သီအိုလော်ဂျီဘွဲ့ရခဲ့သည်။
ထို့နောက် MIT- Myanmar Institute of Theology ၌ မဟာဘွဲ့တန်း ဆက်လက်တက်ရောက်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် သီအိုလော်ဂျီ မဟာဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၉၀ အမတ်များဖြင့် စုပေါင်းတည်ထောင်ထားသည့် UNDP ပါတီသို့ဝင်ကာ နိုင်ငံရေးလောကသို့ ကူးပြောင်းလာခဲ့သည့် လူငယ်တဦးဖြစ်သည်။