ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် မဲဆန္ဒရှင်များ တည်ငြိမ်အေးချမ်းစွာမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးထင်ကျော်ကပြောသည် ။
“၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ EAO နယ်မြေတွေနဲ့ ဆက်စပ်တဲ့နေရာတွေမှာ မဲပေးခဲ့တာတွေရှိပါတယ်။ အားလုံးက အေးအေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ်ပဲ မဲပေးနိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလဲ အလားတူပါပဲ။ EAO နယ်မြေမှာ မဲပေးနိုင်ရေးအတွက် စီစဉ်သွားဖို့ရှိပါတယ်” ဟု ဦးထင်ကျော်ကပြောသည် ။
ရှမ်းပြည်နယ် အစိုးရရုံးအစည်းဝေးခန်းမတွင် သြဂုတ် ၁၇ ရက်ကပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုထ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များရှင်းလင်းပွဲပြီးနောက် မီဒီယာများမှ ရွေးကောက်ပွဲနှင့်ဆက်စပ်သည့် ကိစ္စများမေးမြန်းရာတွင် ပြည်နယ်ကော်မရှင်ဥက္ကဌက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအန်း (ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSA) တို့ရှိပြီး ၎င်းတို့ လှုပ်ရှားရာဒေသများတွင် နိုင်ငံရေးပါတီများကို လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်နှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း ယင်းလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက ပြောကြားထားသည်။