ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲစောင့်ကြည်လေ့လာရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Humanity Institute မှ စီမံကိန်းမန်နေဂျာ ဂျိူးဇက်ဇော်ဖန်းက ပြောသည်။
“အဓိကအားဖြင့်တော့ ကျွန်တော်တို့ ဒီ ၂၀၁၅ မှာကြည့်တဲ့အချိန်မှာ တစ်ချို့နေရာတွေမှာ ရွေးကောက်ပွဲနီးမှပဲ ဒီမဲဆန္ဒပေးတဲ့နေရာတွေ Cancel လုပ်လိုက်တယ်ပေါ့။ ဘယ်လိုမျိုး Criteria နဲ့လုပ်တယ်ဆိုတဲ့ကဏ္ဍကို ကျွန်တော်တို့ မတွေ့ရဘူး။ ဒါကြောင့် စောင့်ကြည့်လေးလာရေးအဖွဲ့ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလတွင် ကချင်ပြည်နယ်ရှိ ဒေသခံလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေများတွင် မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှု ရှိခဲ့သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ထိုအခြေအနေမျိုး ထပ်မဖြစ်စေရန်နှင့် ပိုးမိုကောင်းမွန်သည့် ရွေးကောက်ပွဲဖြစ်လာစေရန် ရည်ရွယ်၍ စောင့်ကြည့်ရေးအဖွဲ့ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဂျိုးဇက်ဇော်ဖန်းက ဆက်လက်ပြောသည်။
“တစ်ချို့ဒေသ ဥပမာ - ချီဖွေ ဆော့လော်ဖက်မှာပဋိပက္ခ ဖြစ်တာတွေရှိတယ်။ အဲတုန်းက ကျွန်တောတို့ စောင့်ကြည့်တာမလုပ်ခဲ့ဘူး။ ဒီ ၂၀၂၀ မှာတော့ ဒီလိုမျိုးတွေထပ်ပြီးမဖြစ်အောင်ရယ်၊ ပိုကောင်းတဲ့ ရွေးကောက်ပွဲစနစ်တစ်ခု ဖြစ်လာဖို့အတွက်ရည်ရွယ်ပြီး စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့မှာဖြစ်ပါတယ်”
၂၀၁၅ ခုနှစ်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ အားနည်းချက်အားသာချက်များကို ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများက ပြန်လည်သုံးသပ်ခဲ့ကြပြီးနောက် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် ဖြစ်လာခဲ့သည်ဟု Humanity Institute က ပြောသည်။
ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကို မကြာမှီအချိန်အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး ထိုစောင့်ကြည့်ရေးအဖွဲ့တွင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ်မှ အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ခန့် ပါဝင်မည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်းပြုလုပ်မည့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၏ ဦးဆောင်ကော်မတီကို ကချင်ပြည်နယ်ရှိ ခရိုင်လေးခု၌ တစ် ခရိုင်လျှင် နှစ်ယောက်စီနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးမည့် မြစ်ကြီးနားမြို့ရှိ အဖွဲ့အစည်းသုံးခုမှ တစ်ဖွဲ့လျှင် တစ်ယောက်စီ စုစုပေါင်းအဖွဲ့ဝင် ၁၁ ယောက်ဖြင့် ဖွဲ့စည်းသွားရန်ရှိကြောင်းနှင့် ခရိုင်အလိုက် ကော်မတီများကိုလည်း ဖွဲ့စည်းသွားမည်ဟု Humanity Instituteမှ သိရသည်။
လက်ရှိတွင် ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများအား မဲပေးပုံပေးနည်းများကို အသိပေးညာပေးခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ၏ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များနှင့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများကို စတင်စောင့်ကြည့်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာပြည်မြောက်ပိုင်းတွင် လွတ်လပ်မှု၊ညီမျှမှု၊တရားမျှတမှုနှင့် ငြိမ်းချမ်းမှုရှိသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်စေရေးကို အကျိုးပြုရန်ရည်ရွယ်၍ Humanity Institute ကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။